ဗီယက်နမ်ကဖေးဆိုင်ဟုလည်း ခေါ်သော ကော်ဖီဆိုင်များတွင် အမျိုးသမီးငယ်များသည် ဘီကီနီ သို့မဟုတ် မလုံမလဲ အဝတ်အစားများဖြင့် စားပွဲထိုး ဧည့်ခံပြီး၊ အချို့ဆိုင်များမှာ ရင်သားဗလာ ဖြစ်စေ၊ ဘာမှမဝတ်ပဲ ကိုယ်လုံးတီးဖြစ်စေ လွန်လွန်ကဲကဲ လုပ်ကြသဖြင့် ရဲနှင့် အာဏာပိုင်များက အရေးယူ ခဲ့သည်။ သို့သော် ၎င်းဆိုင်များသည် တစ်ဆိုင်ပိတ်လျှင် နောက်တစ်နေရာတွင် တစ်ဆိုင်ပြန် ဖွင့်သောကြောင့် အမြစ်ပြတ် နှိမ်နင်းရန် အတော်ပင် ခက်ခဲလျက်ရှိသည်။
အမျိုးသမီးငယ်များ ဘီကီနီဖြင့် စားပွဲထိုးခြင်းကို အပြစ်ပေး အရေးယူနိုင်သော ဥပဒေမရှိသောကြောင့် ရဲများသည် ရင်သားဗလာကျင်းသူ၊ ကိုယ်လုံးတီးစားပွဲထိုးသူများကိုသာ တရားရုံးဆင့်စာဖြင့် သတိပေးခြင်းမျှ ပြုလုပ်နိုင်ပါသည်။
ထို့ကြောင့်၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် အောရင့်ခ်ျကောင်တီ၊ ဂါဒင်ဂရို့ဗ်၊ ဆန်တာ အန်နာ၊ ဆန်ဟိုဆေးစသည့်နေရာများ၊ ဖလော်ရီဒါနှင့် တက္ကဆက်စ်ပြည်နယ်စသည်တို့တွင် ဗီယက်နမ်ကဖေး ဆိုင်များ မှိုလိုပေါက်လာသည်။ ဆန်ဟိုဆေး တစ်မြို့တည်းတွင်ပင် ထိုကဲ့သို့ ဘီကီနီကော်ဖီဆိုင် ၄၀ ခန့်ရှိသည်ဟု သိရသည်။ ဗီယက်နမ်၊ တရုတ်၊ ဖိလိပိုင် အမျိုးသမီးများသာမကပဲ ယခုအခါ အမေရိကန်လူဖြူ၊ လူမဲနှင့် အခြား လူမျိုး အမျိုးသမီးငယ်များပါ စားပွဲထိုး လုပ်ကိုင်နေကြပါသည်။
ဥပဒေလက်တစ်လုံးခြား ကော်ဖီဆိုင်များ
ဗီယက်နမ်နိုင်ငံရှိ ကော်ဖီဆိုင်များကဲ့သို့ မလုံမလဲ ဘီကီနီဝတ် အမျိုးသမီးများ စားပွဲထိုးသော ဆိုင်များသည် အရက်သေစာ ရောင်းချခြင်းမရှိ၊ အစားအသောက်လည်း မရောင်းပဲ ကော်ဖီ၊ လက်ဖက်ရည်နှင့် အအေး သုံး-လေးမျိုးကိုသာ ရောင်းချသောကြောင့် အမေရိကန်နိုင်ငံ၏ အခြားဥပဒေများဖြင့် ထိန်းချုပ် အရေးယူရန်လည်း ခဲယဉ်းသည်။
သို့သော်၊ ၎င်းကော်ဖီဆိုင်များတွင် ဂိမ်းစက်များဖြင့် လောင်းကစားလုပ်လျှင် အရေးယူနိုင်သည်။ ဆိုင်ရှင်များသည် ဂိမ်းစက်များကို အဝေးမှ ခလုတ်ဖြင့် ထိန်းချုပ်ထားကာ ဆိုင်ထဲသို့ ရဲဝင်လာလျှင် လောင်းကစားဂိမ်းမှ ရိုးရိုးအပျော်ဂိမ်းအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ဂိမ်းစက်တစ်ခုသည် တစ်ညလျှင် ဒေါ်လာ ၃,၀၀၀ ခန့်အထိ အမြတ်အစွန်းရနိုင်သည်ဟု ဆိုသည်။
ဗီယက်နမ်ကော်ဖီဆိုင်များအတွင်း သို့မဟုတ် အနီးတဝိုက်တွင် လုယက်မှု၊ မူးယစ်ဆေးမှု၊ လူသတ်မှု စသည့် ရာဇဝတ်မှုများ ထူပြောလာခြင်းကြောင့် မြို့အုပ်ချုပ်ရေးပိုင်းနှင့် ရဲက နှိမ်နင်းရန် ကြိုးစားနေသော်လည်း မထိရောက်ပဲ ဖြစ်နေ၏။
ဆန်ဟိုဆေးမြို့ရှိ ဗီယက်နမ်ကော်ဖီဆိုင်များတွင် ပြီးခဲ့သော နွေရာသီက သေနတ်ပစ် လူသတ်မှု နှစ်ခု ဖြစ်ပွားခဲ့ရာ သေဆုံးသူတစ်ဦးမှာ လူချစ်လူခင်များသော အင်ဂျင်နီယာတစ်ဦး ဖြစ်သည်။
ယခုအခါ၊ ဆန်ဟိုဆေးတွင် ဗီယက်နမ်ကော်ဖီဆိုင်များ ဥပဒေဖောက်ဖျက်မှုကို သတင်းမီဒီယာများက ဖော်ထုတ်ခြင်း၊ ပတ်ဝန်းကျင်ရပ်ကွက်လူထုက ဓာတ်ပုံ၊ ဗီဒီယိုများဖြင့် မှတ်တမ်းတင်ပြီး တိုင်ကြားခြင်းတို့ဖြင့် အရေးယူနေသောကြောင့် ကော်ဖီဆိုင်များ လျော့နည်းလာသည်ဟု ဆန်ဖရန်စစ္စကို ဘေးဧရိယာ စီဘီအက်စ်သတင်းဌာနမှ ဖော်ပြသည်။
ကမ္ဘာသစ်

မှတ်ချက်များ