၇ နှစ်သမီး မုဒိန်းလူသတ်မှု အကြီးလေးဆုံး ပြစ်ဒဏ်ချမှတ်

မြန်မာပြည်နယ်စပ်မှ ဒုက္ခသည်အဖြစ် ပြောင်းရွှေ့ လာသော ကရင်မိသားစုမှ ၇ နှစ်သမီးလေးကို ယူတာပြည်နယ်၊ ဆော့လိတ်ခ်စီးတီးတွင် မုဒိန်းကျင့် သတ်ပစ်ခဲ့သည့် အသက် ၂၇ နှစ်ရှိ တရားခံ အီဆာ မက်ကို အကြီးလေးဆုံး ပြစ်ဒဏ်ဖြစ်သည့် ထောက်ဒဏ် တစ်သက် လွတ်ရက်မရှိ ချမှတ်လိုက်ပါသည်။

ယူတာပြည်နယ် ဥပဒေအရ သေဒဏ်ပေးခွင့်မရှိဘဲ အမြင့်ဆုံး ထောင်တစ်သက် လွတ်ရက်မရှိ သို့မဟုတ် ထောင်ဒဏ် နှစ် ၂၀ သာ ပေးနိုင်ပါသည်။ 

တရားခံ၏ရှေ့နေက ခံဝန်အာမခံဖြင့် လွတ်လမ်းရှိသော ထောင်ဒဏ်သာ ချမှတ်ရန် လျှောက်လဲ တောင်း ဆိုသော်လည်း တရားသူကြီး ဂျူဒစ် အက်သာတန်က အကြီးလေးဆုံး ပြစ်ဒဏ်ကို ချမှတ်လိုက်ခြင်း ဖြစ်သည်။

တရားခံ အီဆာ မက်သည် စီရင်ချက်ချမည့် တရားခွင်တွင် မည်သို့ပင်ဖြစ်စေကာမူ အပြစ်မရှိကြောင်းသာ အစဉ်တစိုက် ရပ်တည်နေခဲ့သည်။

"အဲဒီမိန်းကလေးကို ကျွန်တော် မသတ်ဘူး၊ သူ့ကို ဘယ်သူ သတ်သလဲဆိုတာ ကျွန်တော် မသိဘူး" ဟူ၍ ကရင်မိန်းကလေး ဆာနာမူး သေဆုံးသည့်ကိစ္စကို အီဆာ မက်က ငြင်းဆိုခဲ့သည်။ "ဒီမိန်းကလေးက ကျွန်တော်နဲ့ ကစားနေကျပါ၊ သူက ကျွန်တော့ကို ချစ်တယ်၊ ကျွန်တော်ကလည်း သူ့ကို ချစ်တယ်"

"ဒီမိန်းကလေးကို ကျွန်တော်မသတ်ဘူးဆိုတာ အမှန်အတိုင်း ထွက်ဆိုပါတယ်၊ ကျွန်တော် ပြောစရာ ဒါအကုန်ပါပဲ" ဟု တရားခံ အီဆာ မက်က မြန်မာစကားပြန်မှတဆင့် တရားရုံးတွင် ပြောကြားခဲ့သည်။

သို့သော် အမျိုးသမီး တရားသူကြီး ဂျူဒစ် အက်သာတန်က အီဆာ မက်သည် ဆာနာမူးနှင့် အခြားကလေးများနှင့်အတူ ဆော့ကစားခြင်းဖြင့် ၎င်းတို့၏ ခင်မင်ယုံကြည်မှုရအောင် မွေးယူခြင်း ဖြစ်သည်ဟု စီရင်ချက်တွင် ဖတ်ကြားသည်။

နောင်တမရသော တရားခံ

သူမ၏ အကြီးဆုံး စိုးရိမ်ပူပန်မှုမှာ တရားခံ အီဆာ မက်သည် မည်သည့် တာဝန်ယူမှုကိုမျှ မဖော်ပြခြင်း ဖြစ်ကြောင်း တရားခံ၏ အပြစ်ဝန်ခံမှုမရှိခြင်းနှင့် ဝမ်းနည်းနောင်တ မတွေ့ရခြင်းတို့အပေါ် တရားသူကြီးက မိန့်ကြားပါသည်။

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်စခန်းမှ အမေရိကန်နိုင်ငံ၊ ယူတားပြည်နယ်၊ ဆော့လိတ်ခ်စီးတီးမြို့သို့ ရွှေ့ပြောင်း အခြေချလာသော ကရင်မိသားစုမှ ၇ နှစ်အရွယ် ဆာနာမူးသည် ၂၀၀၈ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် နေထိုင်ရာ အပတ်မင့်တိုက်ခန်း အောက်ထပ်သို့ ဆော့ကစားရန် သွားရောက်ခဲ့ရာမှ ပျောက်ဆုံးသွားခဲ့သည်။

ရဲနှင့် ရပ်ကွက်အိမ်နီးချင်းများ ဝိုင်းဝန်း ရှာဖွေကြသည်တွင်၊ မြန်မာနိုင်ငံမှ ရောက်လာသော အခြားဒုက္ခသည်တစ်ဦး ဖြစ်သူ အီဆာ မက်နှင့် အခြား မြန်မာ လေးဦး စုပေါင်းနေထိုင်သော တိုက်ခန်း၏ မြေအောက် ရေချိုးခန်းတွင် ဆာနာမူး၏ အလောင်းကို နောက်နေ့မှာ တွေ့ရှိခဲ့ကြသည်။

အီဆာ မက်ကို ရဲက ထိုနေ့မှာပင် ၎င်း၏ ဦးလေးနှင့် အဒေါ်၏ နေအိမ်မှ ဖမ်းဆီးခဲ့ပါသည်။

အခြားမြန်မာများအပေါ်သံသယ

တရားခံ၏ ရှေ့နေအမျိုးသမီး ဒင်းနစ်စ် ပေါ်တာက လူသတ်မှုကို တကယ်ကျူးလွန်သူမှာ အီဆာ မက် မဟုတ်ဘဲ အတူနေသူ အခြား မြန်မာများလည်း ဖြစ်နိုင်သည့် သံသယ ဖြစ်ဖွယ်အခြေအနေကြောင့် အီဆာ မက်အား ထောင်ဒဏ်အပြည့် ကျခံပြီးလျှင် ခံဝန်အာမခံဖြင့် လွတ်နိုင်သော အပြစ်ဒဏ်ကိုသာ ပေးရန် တောင်းဆိုပါသည်။

သေသူ ဆာနာမူး၏ လိင်အင်္ဂါမှာ ပျက်စီးနေကာ လည်မျိုညှစ်ထားသည့် ဒဏ်ရာအပြင် ကိုယ်ခန္ဓာတွင် ထောင်းထု ထိုးကြိတ်ထားသည့် ဒဏ်ရာဒဏ်ချက် ၂၁ ချက် တွေ့ရှိရသဖြင့် မသေမချင်း သတ်ရန် ရည်ရွယ်ချက်ဖြင့် ကျူးလွန်ခဲ့သောကြောင့် ထောင်တစ်သက် လွတ်ရက်မရှိ ချမှတ်ဖို့ အစိုးရဥပဒေအရာရှိ ရောဘတ် ပါရစ်ရှ်က တောင်းဆိုခဲ့ခြင်း ဖြစ်၏။

တရားသူကြီး ဂျူဒစ် အက်သာတန်က တရားခံသည် နောင်တတရား မရရှိကြောင်း တွေ့မြင်ရသောကြောင့် ပြန်လည်လွတ်မြောက်လာလျှင် အလားတူ ပြစ်မှုမျိုး ထပ်မံကျူးလွန်နိုင်ဖွယ် ရှိသည်ဆိုကာ လွတ်ရက်မရှိသော တစ်သက်တစ်ကျွန်း ထောင်ဒဏ်ကို စီရင်လိုက်သည်။

ကမ္ဘာသစ်

မှတ်ချက်များ