ရန်ကုန်ရဲ့ တစ်ခုတည်းသော Semi Pro အဆင့်ရှိတဲ့ သုဝဏ္ဏစကိတ်ကွင်းက အိမ်ရာဆောက်လုပ်ဖို့ ၂နှစ်ကျော်လောက်က ဖျက်စီးခံခဲ့ရပါတယ်။ စကိတ်စီးချင်တဲ့ လူငယ်တွေဟာ အန္တရာယ်များတဲ့ ကတ္တရာလမ်း မတွေပေါ် လေ့ကျင့်ဖို့နေရာအဖြစ် ရွေးလာချိန်မှာ အမြင်မကြည်မှုတွေ တိုးလာတယ်လို့ ဆိုပါတယ်။
ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်မှာ အသက်နဲ့ရင်းပြီး စကိတ်စီးနေတဲ့လူငယ်တွေ အန္တရာယ်ကင်းစေဖို့၊ နောက်တစ်ခုက နိုင်ငံတကာအဆင့်မီ Pro Level စကိတ်ကွင်းတစ်ခုပေါ်လာမှ နိုင်ငံတကာပြိုင်ပွဲတွေကို သွားဖို့ အိပ်မက်တွေဟာ မြေဈေးကြီးမြင့်လွန်းနေတဲ့ မြို့တော်မှာ အလှမ်းဝေးနေဆဲပါ။
နိုင်ငံတကာအဆင့်မီ စကိတ်ကွင်းမရှိဘဲနဲ့ ကျွမ်းကျင်အားကစားသမားတွေလို ခြေစွမ်းပိုင်ဆိုင်နိုင်မှာ မဟုတ်ဘူးလို့ ပြည်တွင်းဖိတ်ခေါ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တဲ့ ကိုကျော်ဇင်သန့်က ဆိုပါတယ်။
ဒေသဆိုင်ရာ အာဏာပိုင်တွေအနေနဲ့ ရန်ကုန်မှာ ပရိုအဆင့် စကိတ်ကွင်းတစ်ခု တည်ဆောက်ပေးနိုင်ရင်တော့ မြန်မာစကိတ်လောက ပြောင်းလဲသွားနိုင်မယ်လို့ သူက ယုံကြည်နေသူပါ။ စကိတ်အားကစားဟာ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ စင်္ကာပူ စတဲ့ဒေသတွင်းနိုင်ငံတွေမှာ အကစားတစ်ခုအနေနဲ့ ဖွံ့ဖြိုးနေပြီး ဂျကာတာ ဆီးဂိမ်းမှာ အိမ်ရှင်အင်ဒိုနီးရှားက ရွှေတံဆိပ်တွေ သိမ်းကြုံးယူသွားခဲ့ပါတယ်။
မြန်မာပြည်မှာ စကိတ်သမားအဖြစ် ရပ်တည်နိုင်ရေး အိပ်မက်တွေဟာ အနာဂတ်ပျောက်သလို ဖြစ်နေတုန်းပါပဲလို့ MSA ကို စပွန်ဆာပေးထားတဲ့ Arkar Production က ဆိုပါတယ်။ နိုင်ငံတကာနဲ့ယှဉ်ရင် ဘဝအဖြစ် စိတ်ချလက်ချ မရွေးချယ်နိုင်လို့ပါလို့ ဆိုပါတယ်။
အစိုးရပိုင်းက အသိအမှတ်ပြုပံ့ပိုးမှု မရှိတာဟာ ကြီးမားတဲ့အခက်အခဲကြီးဖြစ်နေပြီး နိုင်ငံတကာပြိုင်ပွဲတွေကို သွားရောက်နိုင်ဖို့ ကန့်သတ်မှုကြီးလည်းရှိနေတယ်လို့ ကိုလွင်လတ်က ယူဆပါတယ်။ နိုင်ငံ့ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ဖို့ဆိုတာ အစိုးရရဲ့ အားပေးထောက်ခံမှုက အရေးကြီးတာကြောင့် အစိုးရက ဒီကိစ္စအပေါ် ဘယ်လိုသဘောထားလဲ စောင့်ကြည့်ရမယ်လို့ နည်းပြက ဆိုပါတယ်။
၂ဝဝဝပြည့်နှစ်လောက်ကစပြီး အပျော်ထမ်းလှုပ်ရှားခဲ့တဲ့ MSA မှာ တစ်နိုင်ငံလုံးက ကလပ်အသင်း ၂ဝလောက် ရှိနေပါတယ်။ ၂ဝ၁၁ကစလို့ စကိတ်ကွင်းတွေ ခပ်စိတ်စိတ်လေးပေါ်လာပြီး ၂ဝ၁၃မှာ ပြည်တွင်းဖိတ်ခေါ်ပွဲတွေနဲ့ အားကစားဆိုတဲ့ လမ်းကြောင်းပေါ်ကိုရောက်ဖို့ ကြိုးပမ်းနေရတုန်းပဲလို့ ဆိုပါတယ်။
လာမယ့် နိုဝင်ဘာမှာ ဖူးခက်မှာကျင်းပမယ့် ၂ဝ၁၄ အာရှသဲသောင်ပြင် အားကစားပွဲတော်မှာလည်း မြန်မာကိုယ်စား ပါဝင်ယှဉ်ပြိုင်ဖို့ MSA ကို ဖိတ်ကြားထားပါတယ်။ ဒါပေမယ့် အားကစားဝန်ကြီးဌာနက ခွင့်ပြုဦးမှပါ။
ကမ္ဘာကြီးနဲ့ ချိတ်ဆက်မိသွားတဲ့ ဒီကနေ့ခေတ်မှာ ကမ္ဘာကြီးနဲ့ရင်ဘောင်တန်းဖို့ လိုက်လျောညီထွေနေနိုင်ဖို့ ကမ္ဘာကြည့် ကြည့်နိုင်ဖို့အတွက်တော့ … လူငယ်စကိတ်သမားတွေ ပျံသန်းဖို့ အားယူနေပါပြီ။
Kamayut Media

မှတ်ချက်များ