ပုစွန်ဖက်ထုပ် / ငါးဖက်ထုပ်

ရဲယိုရွက်နဲ့ လုပ်ထားတဲ့ ဖက်ထုပ်လေးပါ။ပုစွန် သို့ ငါး မိမိကြိုက်တာကို လုပ်စားနိုင်ပါတယ်။ရဲယိုရွက်က အစိမ်းဆိုရင်သာ စိမ်းရွှေရွှေ အနံ့ရပေမယ့် ချက် လိုက်ရင်ပဲဖြစ်ဖြစ် ပေါင်းလိုက်ရင်ပဲဖြစ်ဖြစ် ချိုခါးလေးနဲ့ အရသာရှိပါတယ်။ဖက်ထုပ်လုပ်ဖို့လည်း လိုက်ဖက်တဲ့ အရွက်လေးပါ။

လုပ်နည်း

ပုစွန်ကို သေချာရေဆေးပြီး အခွံခွါပေးပါ။

ငါးဆိုရင် ငါးခူက အလိုက်ဖက်ဆုံးပါ။

ငါးခူကို သေချာဆေးပြီး အသားခြစ်ထုတ်ပေးထားပါ။

ပုစွန် / ငါးအသားတွေကိုနှုတ်နှုတ်စဉ်းပေးပါ။

ကြက်သွန်ဖြူ ၃ တက်လောက် ၊ ကြက်သွန်နီ များများကို နှုတ်နှုတ်စဉ်းပေးပါ။

ပြီးရင် စဉ်းထားတဲ့ ပုစွန် / ငါး နဲ့ ကြက်သွန်ဖြူ / နီ ကို ဆီအနည်းငယ် ၊ အရသာမှုန့် ၊ ငါးငံပြာရည် အကြည်ထည့်ပြီး နယ်ပေးပါ။

ကြိုက်တတ်ရင် ကြက်သွန်မြိတ်လေးပါးပါးလှီးပြီး ထည့်နယ်ပေးလို့ ရပါတယ်။

ငါးဆိုရင်တော့ ဂျင်းထောင်းလေးနည်းနည်းပါ ထည့်နယ်ပေးပါ။

ပြီးရင်တော့ သေချာဆေးကြောထားတဲ့ ရဲယိုရွက်လေးထဲထည့်ထုပ် (မိမိကြိုက်တဲ့ ပုံစံထုပ်ပေးပါ) ပြီး ပေါင်းပေးလိုက်ပါ။

ဆီလေးတွေဝေ့ပြီး အရွက်တွေ အစိမ်းနံ့ပျောက်ပြီး မွှေးလာပြီဆိုရင် ဖက်ထုတ်လေးကို ဇွန်းလေးနဲ့ ဖိကြည့်ပါ။

 တောင့်တောင့်လေး ကျစ်ကျစ်လေးဖြစ်ပြီဆိုရင်တော့ သေချာချင်ရင် တစ်ထုပ်လောက်ဖွင့်ကြည့်လို့ ကျက်တာသေချာပြီဆိုရင် စားဖို့ အဆင်သင့် ဖြစ်ပါပြီ။

ပုစွန် / ငါး အချိုအရသာ ၊ ကြက်သွန်နီ အချိုအရသာနဲ့ ရဲယိုရွက်ရဲ့ ချိုခါး အရသာလေး တွဲစပ်ထားတဲ့ ဖက်ထုပ်လေးကို စားဖို့ အဆင်သင့်ဖြစ်ပါပြီ။

အစားအစာကမ္ဘာ

မှတ်ချက်များ