ပရီးမီးယားလိဂ် နှင့် ဗြိတိသျှကောင်စီတို့ဆောင်ရွက် သည့် အောင်မြင်မှုကြီးမားစွာရထားသော Premier Skills ဘောလုံးသင်တန်း မြန်မာနိုင်ငံတွင် စတင်ပြုလုပ်နေပါသည်။
မြန်မာနိုင်ငံအနှံ့အပြားမှ ရွေးချယ်ထားသော အခြေခံအဆင့် ဘောလုံးနည်းပြ/ဒိုင်လူကြီး ၄၈ ဦးတို့အား အထူးလေ့ကျင့်ပေးမည့် Premier Skills သင်တန်းအား မေလ ၂၀ ရက်နေ့မှ ၂၆ ရက်နေ့အ ထိ ကျင်းပမည်ဖြစ်သည်။
Premier Skills သည် ကမ္ဘာအနှံ့အပြားရှိပရိတ်သတ်တို့နှစ်ခြိုက်သည့် ပရီးမီးယားလိဂ်၏ နေရာဒေသမရွေး နာမည်ကျော်ကြားမှု၊ ယူကေနိုင်ငံအတွင်း လူမှုဖွံ့ဖြိုးရေးစီမံကိန်းများဆောင်ရွက်ပေးခဲ့သည့် ၄င်း၏ ကျွမ်းကျင်မှု၊ ဗြိတိသျှကောင်စီ၏ကမ္ဘာအနှံ့ရှိကွန်ယက်နှင့် ဖွံ့ဖြိုးရေးအစီအစဉ်များ ဆောင်ရွက်ပေးခဲ့သော အတွေ့အကြုံတို့ကို ပေါင်းစပ်ဆောင်ရွက်ကာ ဘောလုံးဖြင့် ကမ္ဘာတစ်လွှားရှိ လူငယ်တို့ တောက်ပ သည့်အနာဂါတ်တစ်ခု တည်ဆောက်နိုင်ရေး အားပေးလျက်ရှိပါသည်။
Premier Skills သင်တန်းမှတစ်ဆင့် လူငယ်များ အထူးသဖြင့် လူ့အသိုင်းအ၀န်းရှိ ကံအကြောင်းမလှ ချို့တဲ့သော သူတို့အား မိမိတို့ဒေသလူမှုပတ်ဝန်းကျင်အတွင်း ပိုမိုပါဝင်ဆောင်ရွက်နိုင်ခွင့် အခွင့်အလမ်းများဆောင်ကျဉ်း ပေးခြင်း၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ ကျွမ်းကျင်မှုများ သင်ကြားပေးခြင်း နှင့် ၄င်းတို့ မိမိကိုယ်ကိုတန်ဖိုး ထားတတ်စိတ်များ မြှင့်တင်ပေးခြင်း စသည့်စွမ်းရည်များ တည်ဆောက် ပေးပါသည်။
ဗြိတိသျှကောင်စီ၊ ပရီးမီးယားလိဂ်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းစီစဉ်ထားသည့် အဆိုပါအစီအစဉ်အား နည်းပြချုပ် Jeremy Weeks (Premier Skills နည်းပြချုပ်) က ဦးဆောင်ကာ
Andrew Foster (နယူးကာဆယ်ဘောလုံးအသင်း)၊ Matthew Hill (စတုတ်စီးတီးဘောလုံးအသင်း) နှင့်
Steve Eadon (အာဆင်နယ်ဘောလုံးအသင်း) တို့က ၀ိုင်းဝန်းပံ့ပိုးကြမည်ဖြစ်သည်။
သင်တန်းအားသုဝဏ္ဏအားကစားရုံလူငယ်လေ့ကျင့်ရေးစခန်းတွင် ပို့ချပေးမည်ဖြစ်ပြီး ရက်သတ္တပတ်အတွင်း အခြေခံ သင်တန်းသားများသည် Premier Skills နည်းပြများထံမှ မိမိတို့ဒေသအတွင်းဘောလုံးစီမံကိန်းများ ကိုယ်တိုင်ဆောင်ရွက်နိုင်စွမ်းရှိမည့် ကျွမ်းကျင်အဆင့်ပံ့ပိုးသင်ကြားပေးမှုကို ရရှိမည်ဖြစ်သည်။
ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင် ဒေသအသီးသီးမှ Football United ကဲ့သို့သော လူမှုအဖွဲ့အစည်းမှသင်တန်းသားများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဘောလုံးကလပ်အသင်းများမှ နည်းပြများပါဝင်တက်ရောက်ကြမည်ဖြစ်သည်။
Premier Skills အစီအစဉ်အရ ၂၀၁၄ ခုနစ်အထိ အာရှ၊ အာဖရိက နှင့် အမေရိကတိုက်ရှိ နိုင်ငံပေါင်း (၂၃) နိုင်ငံမှ နည်းပြနှင့် ဒိုင်လူကြီး (၂၃၀၀) ခန့်အား သင်တန်းပို့ချ ပေးခဲ့ပြီးဖြစ်သည်။
၎င်းတို့မှ တဆင့် လူငယ်လူရွယ်ပေါင်း (၅၀၀,၀၀၀) ခန့် အကျိုးခံစားရခဲ့ပြီး ဖြစ်သည်။
Premier Skills ၏ ဦးတည်ချက်မှာ ၂၀၁၆ ခုနစ်တွင် နိုင်ငံပေါင်း ၂၅ နိုင်ငံတွင် သင်တန်းပို့ချပြီး ရန် ဖြစ်သည်။နောင်တွင်လည်း နည်းပြနှင့် ဒိုင်လူကြီး (၃၀၀၀) ကျော် တို့အား ဆက်လက်၍ သင်တန်းများ ပေးရန် ရည်ရွယ်ထားပြီး ၎င်းတို့မှ တဆင့် လူငယ်ပေါင်း (၃၀၀,၀၀၀) အကျိုးကျေးဇူးရရှိစေမည် ဖြစ်သည်။
ဘောလုံးသင်တန်းအပြင် Premier League မှ စိတ်ဝင်စားဖွယ် အကြောင်းအရာများနှင့် ဗြိတိသျှကောင်စီ မှ အင်္ဂလိပ်ဘာသာ သင်ကြားမှု ကျွမ်းကျင်မှု တို့ ပူးပေါင်း၍ အင်္ဂလိပ်ဘာသာ လေ့လာသူများနှင့် ဆရာများအတွက် အင်္ဂလိပ်ဘာသာ သင်ကြားရေး ဝက်ဗ်ဆိုဒ်တစ်ခုကိုလည်း ပြုစုထားရှိပါသည်။
ဗြိတိသျှကောင်စီ မြန်မာ၏ ညွှန်ကြားရေးမှူး Kevin Mackenzie မှ Premier League ဘောလုံးပွဲများအား မြန်မာနိုင်ငံမှ ပြည်သူများ အထူးနှစ်ခြိုက်အားပေးကြသည်ကို မြင်ရကြောင်း၊ ယခု Premier Skills ဘောလုံးသင်တန်း အစီအစဉ်အရ ဘောလုံးအတွက် စိတ်အား ထက်သန်မှုများကို လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးရေးလုပ်ငန်းများ တည်ဆောက်ရာတွင် အသုံးပြုနိုင်ရန် အခွင့်အရေးရရှိစေ မည် ဖြစ်ကြောင်း၊ Premier Skills သည် လွန်စွာ စိတ်ဝင်စားဖွယ်ကောင်းသည့် အစီအစဉ် တစ်ရပ်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ယခုကဲ့သို့ စတင်ပြုလုပ်နိုင်ခြင်းအတွက် အလွန်အား ရကျေနပ်မိပါကြောင်း ပြောကြားပါသည်။
ပရီးမီးယားလိပ်၏အမှုဆောင်ချုပ် Richard Scudamore ကတော့ “ပရီးမီးယားလိဂ်နဲ့ဘောလုံး အပေါ် ဒီလောက်စိတ်ဝင်တစားစွဲလမ်းတတ်တဲ့ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ Premier Skills ကိုစတင်ရတော့ မှာကို စိတ်လှုပ်ရှားမိပါတယ်။ ပရီးမီးယားလိဂ်နှင့် ကျွန်တော်တို့ဘောလုံးကလပ် အသင်းတွေဟာ ယူကေနိုင်ငံအတွင်း ရွပ်ရွပ်ချွန်ချွန် လူမှုရေးလုပ်ငန်းတွေမှာ ကာလတာရှည် နှစ်မြှုပ်လုပ်ကိုင် လာခဲ့တဲ့အစဉ်အလာရှိပါတယ်။ Premier Skills မှာ ဗြိတိသျှကောင်စီနဲ့ကျွန်တော်တို့ရဲ့ မိတ်ဖက်ဆောင်ရွက်မှုကတစ်ဆင့် ဒီအစဉ်အလာ ကိုအခြေခံကာ ကမ္ဘာအနှံ့ အလားတူစီမံ ကိန်းများ ဖော်ဆောင်သွားဖို့ ရည်ရွယ်ပါတယ်။” ဟုပြောကြားခဲ့ပါသည်။
“နောင် (၂) နှစ်အတွင်းမှာ ဒေသခံနည်းပြတစ်ချို့ကို အမာခံအနေနဲ့ လေ့ကျင့်ပေးမှာဖြစ်ပြီး ၎င်းတို့က ပြန်လည်ဆင့်ပွါးသင်တန်းများပေးခြင်းဖြင့် Premier Skills အစီအစဉ် မြန်မာနိုင်ငံမှာ ရေရှည် တည်တံ့နိုင်ဖို့ လုပ်ဆောင်သွားဖို့ရှိပါတယ်။” ဟု ၎င်းက ဆက်လက်ပြောကြားပါသည်။
ဧရာဝတီ

မှတ်ချက်များ