အာရှတိုက်အတွင်းရှိ စီးပွားရေးအုပ်စု ၁၀ ခုလျှင် ခုနစ်ခုမှာ မြန်မာနိုင်ငံတွင် လာမည့် တစ်နှစ်အတွင်း ဈေးကွက် ချဲ့ထွင်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေကြောင်း စင်ကာပူအခြေစိုက် United Overseas Bank (UOB) စစ်တမ်းတွင် ဖော်ပြထား သည်။
တစ်နှစ်လျှင် ငွေကြေးလည်ပတ်မှု အမေရိကန်ဒေါ် လာ သန်း ၅၀ နှင့် အထက် ရှိသည့် အာရှဒေသ တွင်းရှိ စီးပွားရေး လုပ်ငန်းစုများမှ ဆုံးဖြတ်ချက်ချသူ အကြီးအကဲများနှင့် စီးပွားရေး ဦးဆောင်သူ ၇၀ ရာခိုင်နှုန်းထံမှ အချက်အလက် ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း UOB ထံမှ သိရသည်။
“မြန်မာနိုင်ငံမှာ စီးပွားရေး အခွင့်အလမ်းတွေ အများအပြား ရှိနေသလို စွန့်စားမှုနဲ့ စိန်ခေါ်မှုတွေလည်း ရှိနေပါတယ်” ဟု UOB အုပ်စု၏ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အကြံပေးဌာန အကြီးအကဲ Mr. Sam Cheong က ပြောဆိုသည်။
မြန်မာနိုင်ငံတွင် ဈေးကွက်ချဲ့ထွင်သည့်အခါ ဘဏ်လုပ်ငန်း၊ ငွေကြေးလည်ပတ်မှုနှင့် ပတ်သက်သော အခက်အခဲများနှင့် ဥပဒေနှင့် စည်းမျဉ်းစည်းကမ်း သဲကွဲပြတ်သားမှု မရှိခြင်းတို့လည်း ရှိကြောင်း UOB စစ်တမ်းက ဆိုသည်။
“မြန်မာနိုင်ငံမှာ အခြေခံအဆောက်အဦ လိုအပ်ချက်တွေ ရှိနေတဲ့အတွက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရမယ့် ဈေးကွက်တစ်ခုက အဆင်သင့် ရှိတယ်။ နောက်ပြီး လုပ်သား ပေါများတာနဲ့ လုပ်အားခ သက်သာတာတွေကြောင့်လည်း မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ဆွဲဆောင်မှု ဖြစ်စေတယ်။ ဒါပေမဲ့ ဘယ်စီးပွားရေး လုပ်ငန်းမဆို မြန်မာနိုင်ငံက ဒေသတွင်း ဥပဒေနဲ့ ရင်းနှီးမြှုပ်နှံမှု စည်းမျဉ်းတွေကြောင့် စိန်ခေါ်မှုတွေနဲ့တော့ ကြုံတွေ့ရနိုင်တယ်” ဟု မြန်မာနိုင်ငံတွင် Hardware ပစ္စည်းများနှင့် လုံခြုံရေးကိရိယာများ ဖြန့်ဖြူးနေသည့် စင်ကာပူအခြေစိုက် Soon Hong Seng Private Limited မှ Business Operations Manager Mr.Ivan Chu က ပြောဆိုသည်။
ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရာတွင် ပိုမိုရှင်းလင်း လွယ်ကူစေရန် ရင်းနှီးမြှုပ်နှံမှု ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အခြား လိုအပ်သည်များကို ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေပြီး ရင်းနှီးမြှုပ်နှံမှု ဥပဒေနှစ်ခု ပေါင်းစည်း၍ ဥပဒေသစ် ထွက်ရှိလာရန်လည်း ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။
UOB ဘဏ်သည် မြန်မာနိုင်ငံတွင် လုပ်ငန်းချဲ့ထွင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းများ ပြုလုပ်ရာတွင် တွေ့ကြုံရမည့် စိန်ခေါ်မှုများ၊ အခက်အခဲများနှင့် ပတ်သက်၍ အကြံပေးနေသည့် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အကြံပေးဌာနကို ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံတွင် စတင်ဖွင့်လှစ်ခဲ့သည်။
United Overseas Bank Limited (UOB) သည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၁၉ နိုင်ငံတွင် ရုံးခွဲပေါင်း ၅၀၀ ကျော် ဖွင့်လှစ်ထားပြီး ဘဏ်လုပ်ငန်းအပြင် စီးပွားရေးဆိုင်ရာ အစီရင်ခံစာများ၊ သုတေသနလုပ်ငန်းများ၊ စာရင်းစစ်လုပ်ငန်းများနှင့် စီးပွားရေးဆိုင်ရာ အကြံပေး လုပ်ငန်းများလည်း ဆောင်ရွက်နေသည်။
The Voice Weekly
ပင်မ
/
အာရှစီးပွားရေး အုပ်စုအများစု မြန်မာတွင် တစ်နှစ်အတွင်း ဈေးကွက် ချဲ့ထွင်ရန် ပြင်ဆင်ဟု UOB စစ်တမ်းဖော်ပြ

မှတ်ချက်များ