နိုင်ငံတကာနဲ့ ကူးလူးနိုင်ဖို့ မြန်မာဂီတပွဲတော် ၁ဝရက်ကြာ ကျင်းပနေပြီ


မြန်မာနဲ့ နိုင်ငံတကာအနုပညာရှင်တွေကြား ပေါင်းကူးဆက်သွယ်နိုင်မယ့် ပလက်ဖောင်းတစ်ခုဖြစ်ဖို့ မြန်မာ ဂီတပွဲတော်ကို ၁ဝရက်ကြာ ကျင်းပနေပါပြီ။ NLD ပညာရေးကွန်ရက်အောက်က အမေ့ဂီတသင် တန်းကျောင်းမှာ ဒုတိယရက်အဖြစ် ဇွန် ၁၄မှာ ဖျော်ဖြေခဲ့ပါတယ်။

မြန်မာ့ရိုးရာဂီတကို နိုင်ငံတကာပွဲတွေမှာ တင်ဆက်နိုင်ဖို့ အရေးအကြီးဆုံးကတော့ နိုင်ငံတကာ အဆက်အသွယ်ဖြစ်ပြီး ဒီလိုဖြစ်လာနိုင်ဖို့ အစီအစဉ်တွေလုပ်ဖို့ရှိတယ်လို့ အမေရိကန်စန္ဒရားပညာရှင်က ဆိုပါတယ်။ ကိုယ်ပိုင်ဓလေ့ရိုးရာကို နိုင်ငံတကာက နားလည်သဘောပေါက်လာတဲ့အခါ ဂီတကနေ စီးပွားရေး အခွင့်အလမ်းပါက ရနိုင်တယ်လို့ ပြောပါတယ်။

မြန်မာ့ဂီတဖွံ့ဖြိုးဖို့ အစိုးရက စားရိတ်စိုက်ထုတ်ပြီး နိုင်ငံတကာမှာ သွားရောက်ဖျော်ဖြေနိုင်မယ်ဆိုရင် ပိုပြီး တိုးတက်မယ်လို့ ဆိုပါတယ်။ ဇွန် ၁၃ကစပြီး ၁ဝရက်ကြာမယ့် ဒီပွဲတော်ဟာ ကျောင်းတွေ၊ စာအုပ်ဆိုင်တွေ၊ အမေရိကန်နဲ့ ဆွစ်ဇာလန်သံရုံး၊ MIT ကျောင်း စတဲ့နေရာ အနှံ့မှာ ၁ဝပွဲတိတိ ဖျော်ဖြေမှာဖြစ်ပါတယ်။ ပွဲတော် နောက်ဆုံးရက်ဖြစ်တဲ့ ဇွန် ၂၂မှာတော့ ဝဇီရာရုံမှာ Solo Piano, Chamber Music, Festival Choir, Classical နဲ့ ကမ္ဘာတလွှားက ထူးခြားတဲ့ဂီတတွေနဲ့ ဖျော်ဖြေမှာဖြစ်ပါတယ်။

ဒီမြန်မာဂီတပွဲတော်ဟာ ပထမဆုံးကျင်းပတာဖြစ်ပြီး လာမယ့်နှစ်တွေမှာလည်း အခုလိုကျင်းပနိုင် ဖို့ မျှော်မှန်းထားတယ်လို့ ပွဲတော်စီစဉ်သူက ပြောပါတယ်။ မြန်မာဂီတပွဲတော်ရဲ့ လက်ဆောင်အဖြစ် ထိုင်ဝမ်ကျေးလက် လက်မှုပညာရှင်တွေ ပြုလုပ်ထားတဲ့ တယော ၁ဝလုံးကို မြန်မာပြည်က ဂီတသင်တန်းကျောင်းကို လှူဒါန်းသွားမယ်လို့ ဆိုပါတယ်။

အမေ့ဂီတသင်တန်းကျောင်း ဖျော်ဖြေပွဲမှာတော့ အမေရိကန်စန္ဒရားပညာရှင်၊ ထိုင်ဝမ်စန္ဒရားပညာရှင် ၂ဦးနဲ့အတူ Cloud Orchestra အဖွဲ့အပါအဝင် အမေ့ဂီတသင်တန်းကျောင်းက အနုပညာရှင်တွေ ပါဝင်ပူးပေါင်း ဖျော်ဖြေခဲ့ပါတယ်။



kamayutmedia

မှတ်ချက်များ