ကျောင်းအုပ်ဆရာကြီးသား မင်္ဂလာဆောင်အတွက် ကျောင်း၁ရက်ပိတ်


ကျောင်းအုပ်ဆရာကြီးသား မင်္ဂလာဆောင်ရှိသဖြင့် မိတ္ထီလာမြို့ နန်းတော်ကုန်းရပ်ကွက်ရှိ အမက (၈) မူလတန်းကျောင်း တစ်ရက်ပိတ်ထားကြောင်း သိရသည်။

အဆိုပါ အမက(၈)မူလတန်းကျောင်း ပိတ်ထားသည့်ကိစ္စနှင့် ပတ်သက်၍ ကျောင်းအုပ်ဆရာကြီး၏သား မင်္ဂလာဆောင်ရှိသဖြင့် ကျောင်းမှ ဆရာ၊ ဆရာမများဝိုင်းကူနေရသဖြင့် လူမှုရေးအရ ကျောင်းတစ်ရက်ပိတ် ထားကြောင်း၊ သင်ကြားရေးပိုင်းအရ ပျက်သည့်အချိန်များကို ပြန်လည်သင်ကြားပေးရန် ညွှန်ကြား ထားကြောင်း၊ မနက်ဖြန်ပြန်ဖွင့်မည်ဖြစ်ကြောင်းနှင့် ကျောင်းသား ၄၀၀ ကျော်ရှိမည်ထင်ကြောင်း လက်ထောက်မြို့နယ်ပညာရေးမှူး ဦးဝင်းအောင်က ဆိုသည်။

“ဒီနေ့တစ်ရက် မင်္ဂလာဆောင်ရှိလို့ ကျောင်းပိတ်တယ်လို့ ကလေးတွေကို မှာလိုက်တယ်။ ကျောင်း မှာဆောင်တာလဲ မဟုတ်ဘူး။ မြို့ထဲက ခန်းမမှာဆောင်တာပါ”ဟု ကျောင်းသားမိဘတစ်ဦးကဆိုသည်။ ယင်းကျောင်းသည် မိတ္ထီလာနန်းတော်ကုန်းရပ်ကွက် တွင်ရှိပြီး ကျောင်းသား ၅၀၀ ကျော် တက်ရောက်နေကြောင်း သိရသည်။

EMG

မှတ်ချက်များ