တိုင်းပြည်၏ အနာဂတ်များနှင့် ပြုစုပျိုးထောင်မှု

နိုင်ငံပေါင်း ၃၈ နိုင်ငံမှ အလှူရှင်များ လာရောက် လှူဒါန်းမှုပြုခဲ့သော ညောင်ဦးမြို့ ငှက်ပစ်တောင်အနီးရှိ ဇေတ၀န် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းရှိ ကျောင်းသား ကျောင်းသူများအား တွေ့ရစဉ် (ဓာတ်ပုံ-ကိုနော် (ပုဂံ))
ပြီးခဲ့တဲ့ ဇွန် ၂ ရက် ကျောင်းများစတင် ဖွင့်လှစ်တဲ့နေ့ မနက်အစောပိုင်းမှာ ပဲခူးတိုင်း အနောက်ပိုင်းဒေသ ကြီး၊ သဲကုန်းမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း တစ်ကျောင်းရဲ့ ပင်မဆောင်ကော်ရစ် တာ ပြိုကျမှုတစ်ခုဖြစ်ပွားခဲ့ရာ ကျောင်းသား၊ ကျောင်းသူအများအပြား ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီးနောက် ကျောင်းတာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲမှုဟာ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

သက်တမ်း ၆၂ နှစ်


အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တဲ့ အဦးဆုံးရက်ဖြစ်တဲ့ ဇွန် ၂ ရက် နံနက် ၈ နာရီခွဲခန့်က ပုတီးကုန်းမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်းရဲ့ ပင်မဆောင်ကော်ရစ်တာ ပြိုကျမှုကြောင့် အဋ္ဌမတန်း ကျောင်းသားကျောင်းသူ ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိပြီး ယင်းတို့အထဲက ၁၃ နှစ်အရွယ် ကျောင်း သူတစ်ဦးဟာ ခါးဆစ်ရိုးကျိုးတဲ့ ဒဏ်ရာကြောင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့ဆောင်ဆေးကုသမှု ခံယူခဲ့ရတယ် လို့ သတင်းတွေမှာ ဖတ်လိုက်ရပါတယ်။ ပြိုကျခဲ့တဲ့ ကျောင်းဆောင်ဟာ ၁၉၅၂ ခုနှစ်ကတည်းက ဆောက် လုပ်ထားတဲ့ RC နှစ်ထပ်ကျောင်းဆောင် ဖြစ်တယ်ဆိုတာကြောင့် သက်တမ်း ၆၂ နှစ်ရှိနေပြီဖြစ်တဲ့ အဆောက်အအုံ ဖြစ်တယ်ဆိုတာ အကြမ်းဖျင်း ခန့်မှန်းလို့ရပါတယ်။

 ကျောင်းဆောင်ကို အနည်းငယ်ပြုပြင် ဖူးခဲ့ပေမယ့် မနှစ်ကအထိ အသုံးပြုခဲ့တဲ့ အဆောက်အအုံ ဖြစ် တယ်လို့ သတင်းတွေမှာပါရှိပြီး ကော်ရစ်တာက ကျောင်းစာသင်ခန်းထဲကို ကျောင်းသားတွေ ၀င်မလို့လုပ်နေစဉ်မှာ ကော်ရစ်တာအောက်က ယက်မကျိုးကျခဲ့ရာက ကျောင်းသား ကျောင်းသူတွေ ဟာ အောက်ထပ်ရှိ သမံတလင်းပေါ် ပြုတ်ကျပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြတာဖြစ်ပါတယ်။

အများပြည်သူ သိရန်လို

ကျောင်းတွေ ပြန်လည်ဖွင့်ချိန်မှာ ဒီလိုသတင်းမျိုးကို မြင်ရကြားရတာ စိတ်မချမ်းမသာ ဖြစ်ရပါတယ်။ ဖြစ်စဉ် မှာ ဒဏ်ရာရတဲ့ ကျောင်းသားကျောင်းသူ လေးတွေရဲ့ စိတ်မှာအနာတရ ဖြစ်သွားမှာကိုလည်း စိုးရိမ်မိပါတယ်။ ထိတ်လန့်ခြင်း ကြောက်ရွံ့ခြင်းများနဲ့အတူ ကျောင်းဆိုတာဟာ သူတို့အတွက် လုံခြုံစိတ်ချမှုရှိသော နေရာတစ်ခုအဖြစ် ယုံကြည်မှု အားလျော့သွားမှာကို အထူးစိုးရိမ်မိပါတယ်။ တာဝန်ရှိသူတွေ အနေနဲ့လည်း ယခုဖြစ်စဉ်အပေါ် ဘယ်လိုအကြောင်းတွေကြောင့် ပြိုကျခဲ့ရသလဲဆိုတာ စစ်ဆေးဖို့လိုသလို တာဝန်ရှိသူတွေ အနေနဲ့ တာဝန်ခံဖြေရှင်းကြဖို့ လိုပါတယ်။

နိုင်ငံပိုင် သတင်းစာတွေက ဖော်ပြထားတဲ့ ကျောင်းပြိုကျမှုဖြစ်စဉ် သတင်းမှာတော့ အခြေခံပညာ ကျောင်း များ ရဲ့ ကျောင်းဆောင်များ ပြုပြင်ရန်အတွက် အရေးပေါ်နဲ့ ကျပ်သိန်း ၅၀ အောက် အသေးစားပြုပြင်မှုများအ တွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေး နှစ်အတွက် ကျပ်သန်း ၁၀၀၀ ကို ကျောင်းသားဦးရေ အချိုးအလိုက် တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးရုံးများသို့ ခွဲဝေပေးထားပြီး ဖြစ်တယ်လို့ ပညာရေးဝန် ကြီးဌာနက သတင်းရရှိတယ်လို့ ဖော်ပြထားပေမယ့် ပြိုကျခဲ့တဲ့အထိ ဖြစ်ပွားခဲ့တဲ့ ကျောင်းဆောင်နဲ့ပတ် သက်ပြီး ပညာရေး ၀န်ကြီးဌာနအနေနဲ့ အသေးစိတ် အချက်အလက်တွေ အများပြည်သူကို ထပ်မံ ထုတ်ပြန်ပေးဖို့ တာဝန်ရှိမှာ ဖြစ်ပါတယ်။

တိုင်းပြည်၏ အနာဂတ်

သို့မှသာ ယခုလိုပြိုကျတဲ့ အဖြစ်အပျက်ရဲ့ အကြောင်းရင်းခံတွေကို သင်ခန်းစာယူပြီး ဆက်လက် မဖြစ် ပွားအောင် ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အနှံ့အပြားမှာရှိနေတဲ့ ကျောင်း စာသင်ခန်းအဖြစ် အသုံးပြုဖို့ အန္တရာယ်ရှိနေသော ကျောင်းဆောင်တွေကိုလည်း အချိန်မီပြုပြင်ဖို့အတွက် ခွဲဝေပေးထားတဲ့ တိုင်းပြည်ရဲ့ငွေ တစ်နည်းအားဖြင့် ပြည်သူ့ဘဏ္ဍာငွေတွေကို ဘယ်လိုအကျိုးရှိရှိ သုံးစွဲနေကြသလဲ ပြည်သူတွေ သိခွင့်ရကြမှာ ဖြစ်ပါတယ်။ အဓိကအားဖြင့် ပြုပြင်ဖို့ ခွဲတမ်းငွေတွေ ချထားပေးပြီးဖြစ်တယ်လို့ ဆိုနေပေမယ့် ပြုပြင်ဆောင်ရွက်ပေးဖို့ လိုအပ်နေတဲ့ ကျောင်းဆောင်တွေ အခုလိုရှိနေပြီး ပြိုကျတဲ့အဖြစ်အထိ ဘာကြောင့်ဖြစ်ပွား နေရသလဲဆိုတာ အဖြေရှာဖို့လိုပါတယ်။ ပြုပြင် ဖို့ငွေပေးထားတာပဲ ဆိုတာနဲ့ ဖြေရှင်းလို့မရပါဘူး။ ချပေးထားတဲ့ငွေတွေဟာ လိုအပ်တဲ့နေရာ မရောက်တာ လား၊ လုံလောက်မှု မရှိတာလားဆိုတာ ဆန်းစစ်ဖို့ ပညာရေးဝန်ကြီးဌာန အပါအ၀င် သက်ဆိုင်သူတွေမှာ တာဝန်အပြည့်အ၀ ရှိတယ်လို့ ယူဆမိပါတယ်။

နိုင်ငံတကာမှာတော့ ကျောင်းသား ကျောင်းသူ အရွယ်များ ကို တိုင်းပြည်ရဲ့ရတနာ၊ တိုင်းပြည်ရဲ့အနာဂတ် အဖြစ် ရည်မှန်းပြီး စနစ်ကျပြီး တိကျတဲ့ပြုစု ပျိုးထောင်မှု အစီအမံတွေကို ဆောင်ရွက်ကြလေ့ ရှိပါ တယ်။ ကျောင်းသား ကျောင်းသူများဟာ တစ်ချိန်မှာ နိုင်ငံရဲ့ တာဝန်တွေကို ပခုံးထမ်းလွှဲပြောင်းယူကြရမယ့် သူတွေဖြစ်လို့ ကျောင်းသားကျောင်းသူ အရွယ်များ ကို အောင်မြင်စွာ ပြုစုပျိုးထောင်နိုင်ခြင်းဟာ အောင်မြင် တဲ့ နိုင်ငံအဖြစ် တည်ဆောက်ခြင်းကိစ္စများမှာ အကျုံးဝင်မှာ ဖြစ်ပါတယ်။ တိုင်းပြည်တစ်ခု တည်ဆောက်ခြင်း မှာ ကျောင်းသား ကျောင်းသူများအတွက် အသေးစိတ် အစီအမံတွေဟာလည်း အရေးကြီးတဲ့ အချက်အနေနဲ့ ပါဝင်ပါတယ်။

တာဝန်ယူရသည်

ဒါနဲ့ပတ်သက်လို့ ဖတ်ခဲ့မှတ်ခဲ့ဖူးတဲ့ နိုင်ငံတချို့ကပြုလုပ်တဲ့ အစီအမံတချို့ကို ပြောပြချင်ပါတယ်။ အဲဒီအစီအ မံတွေထဲက တစ်ခုက ကျောင်းသားကျောင်းသူတွေရဲ့ အငယ်ဆုံးအတန်း (သူငယ်တန်း) တွေကို သင်ကြားပြသတဲ့ ဆရာတွေကို ခန့်အပ်ရာမှာ စာသင်သက် အများကြီးရှိတဲ့ တကယ့်ဝါရင့် ကျောင်းဆ ရာတွေ ကိုသာ ခန့်ထားတဲ့ အစီအမံပါ။ အဲဒီအစီအမံဟာ ကလေးငယ်တွေဟာ နုနယ်သေးတာကြောင့် ပညာရေးနဲ့ ပတ်သက်လို့ အတွေးအခေါ်မှားတွေ (စာဆိုတာ အလွတ်ကျက်ရန်သာ အဓိကနားလည် ရန် နောက်မှ ဆိုတာမျိုး) မှာ ငြိတွယ်သွားမယ့် အန္တရာယ်ကို ကာကွယ်တဲ့အနေနဲ့ ၀ါရင့်ဆရာတွေကို ခန့်တာဖြစ်ပြီး အတွေ့အကြုံရှိ ဆရာတွေရဲ့ သင်ကြားပြသမှုက ကလေးငယ်တွေကို အကျိုးရှိစေဖို့ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံက ဆရာအတတ်သင် ဆင်းခါစ ဆရာတွေကို မူလတန်းမှာ စသင်ခိုင်းတဲ့ အစီအမံ နဲ့တော့ အကွာကြီး ကွာပါတယ်။

 နောက် အစီအမံတစ်ခုက ကျောင်းကြိုပို့ကားမောင်းတဲ့ ဒရိုင်ဘာတွေနဲ့ ပတ်သက်ပြီး မော်တော် ယာဉ်မောင်းနှင်တဲ့ သက်တမ်းကြာမြင့်တဲ့ (ဥပမာ ၁၀ နှစ်အထက်) သူကိုသာ ကျောင်းကြိုပို့ယာဉ် ကို မောင်းနှင်ခွင့်ပေးတဲ့ အစီအမံပါ။ ရည်ရွယ်တာကတော့ ရိုးရိုးယာဉ်ကို မောင်းနှင်တာထက် ကျောင်း သား၊ ကျောင်းသူတွေ စီးတဲ့ယာဉ်ကို မောင်းတဲ့သူတွေဟာ ယာဉ်မောင်းရာမှာ ကျွမ်းကျင်တဲ့သူတွေဖြစ်စေဖို့ ရည်ရွယ်တာဖြစ်ပြီး တိုင်းပြည်ရဲ့ အနာဂတ်လူငယ်တွေ စီးနင်းတဲ့ယာဉ်ကိုမောင်းဖို့ တာဝန်ပိုကြီးတယ် ဆိုတဲ့သဘော သက်ရောက်စေတာ ဖြစ်ပါတယ်။

စဉ်းစားစေချင်တာက ကျောင်းသားအရွယ်တွေနဲ့ ပတ်သက်ရင် နိုင်ငံတကာမှာ အသေးစိတ် အစီအမံတွေ ဘာကြောင့်ချမှတ် နေကြတာလဲ ဆိုတာပါ။ လက်ရှိ မြန်မာနိုင်ငံမှာလည်း အနှစ်နှစ်ကာလက ချွတ်ခြုံကျခဲ့ရ တဲ့ ပညာရေးနယ်ပယ်ကို ပြုပြင်ဖို့ကြိုးစားနေတဲ့ နေရာမှာ အခုလို ကျောင်းပြိုကျတဲ့ ဖြစ်ရပ်တွေ မရှိအောင် လုပ်ဖို့ လိုအပ်သလို ရေရှည်မှာ တိုင်းပြည်အနာဂတ်ကို ဖန်တီးကြမယ့် ကျောင်းသား၊ ကျောင်းသူ အရွယ်တွေအတွက် ပြုစုပျိုးထောင်မှု အစီအမံတွေ လိုအပ်နေပါကြောင်း တင်ပြလိုက်ရပါတယ်။

သစ်ထွဋ် | News Eleven

မှတ်ချက်များ