တရုတ်ကုန်သည်များ မြန်မာ့ဆန် ဈေးလျှော့ဝယ်
ဗီယက်နမ်နိုင်ငံမှ ဆန် တင်ပို့လာခြင်းကြောင့် တရုတ်ကုန်သည်များသည် မြန်မာဆန်ကို ဈေးလျှော့ဝယ်ယူ လာကြောင်း မူဆယ်မှ ဆန်ကုန်သည်များက ပြောသည်။
‘‘ဗီယက်နမ် ဝင်လာတော့ ဈေးမပေးဘူး။ သူတို့က ဈေးနင်းဝယ်တော့ ဈေးကျလာတာပါ’’ဟု ဆန်ကုန်သည် ဦးမင်းသိန်းက ပြောကြားသည်။
တရုတ်ကုန်သည်များက ဈေးလျှော့ဝယ်မှုကြောင့် မူဆယ်နယ်စပ်တွင် မြန်မာဆန်ဈေးမှာ ငါးရက်အတွင်း တစ်အိတ်လျှင် တရုတ်ငွေ လေးယွမ်မှ ခြောက်ယွမ်ကြား ဈေးကျလာသည်။ ပြီးခဲ့သည့် တစ်ပတ်က တစ်အိတ် လျှင် ၁၅၈ ယွမ်ရှိသော ဆန်အမျိုးအစားမှာ ၁၅၄ ယွမ် ဈေးပေါက်သည်။
တရုတ်ကုန်သည်များသည် ဗီယက်နမ်နိုင်ငံတွင် ပဋိပက္ခများ ဖြစ်ပွားပြီးနောက် နှစ်နိုင်ငံ နယ်စပ်ကုန် သွယ်ရေး ပိတ်ထားခဲ့စဉ်က မြန်မာဆန်ကို ဈေးတိုးမြှင့်၍ ဝယ်ယူသည်။ ယင်းကာလတွင် ဆန်တစ်အိတ်လျှင် ငါးယွမ်မှရှစ်ယွမ်ကြား ဈေးမြင့်တက်ခဲ့သည်။
တရုတ်ကုန်သည်များက ဈေးလျှော့ဝယ်သော်လည်း မူဆယ်နယ်စပ်သို့ နေ့စဉ်ဆန်အဝင်မှာ တစ်ရက်လျှင် အိတ်ရေ ခြောက်သောင်းခွဲခန့် ရှိနေပြီး တရုတ်ကုန်သည်များက တစ်ရက်လျှင် အိတ်ရေငါးသောင်းခန့် ဝယ်ယူနေသည်။
‘‘ပြည်တွင်း ဈေးကတော့ တရုတ်အဆွဲနဲ့ဆိုတော့ စပါးဈေး ကမာတယ်။ ဆန်ဈေးကလည်း ပြန်ကျတာမျိုးမရှိ ဘူး’’ဟု ပြည်ပသို့ဆန်တင်ပို့နေသော လုပ်ငန်းရှင် ဦးမျိုးသူရအေးက ပြောကြားသည်။
ပြည်တွင်း ဈေးကွက်တွင် ဆန်ဈေးမှာ အမြင့်ဈေးဖြင့်တည်ငြိမ်နေပြီး ဆန်ကြမ်းတစ်အိတ်လျှင် ကျပ် ၁၇,၀၀၀ မှ ၁၄,၅၀၀ ကြား ရှိပြီး လက်ရှိစပါးဈေးမှာ တင်းတစ်ရာလျှင် ကျပ် ၄၄၀,၀၀၀ မှ ၃၈၀,၀၀၀ ကြား ဈေးရှိသည်။
လက်ရှိပင်လယ်ရေကြောင်းဖြင့် ပြည်ပသို့ ဆန်တင်ပို့မှုမှာ ထိုင်းနိုင်ငံမှ ဈေးလျှော့ချမှုကြောင့် မြန်မာဆန်ကို တင်ပို့နိုင်ခြင်းမရှိပေ။ ထို့ကြောင့် ပြည်ပသို့ တရုတ် နိုင်ငံကို အဓိကထား တင်ပို့နေသည်။
ပြည်သိမ်း | 7daydaily

မှတ်ချက်များ