ခင်ဗျားကိုင်တဲ့ ဘောပင်ကလေးများ ကျိုးသွားတယ်ဆိုပါစို့
(တစ်)
မကြာသေးခင် ရက်တွေထဲမှာ ကရင်ပြည်နယ်ဘက်ကို ခရီးထွက်ဖြစ်ခဲ့သေးသဗျ။ ဘားအံနဲ့ ကော့ကရိတ် ကြားက ရွာကလေးတွေ ရှိရာဆီကိုပါ။ ထုံးစံအတိုင်း ကာတွန်းဆရာ ကိုအော်ပီကျယ်နဲ့ပဲပေါ့။ အဲသည့်မှာ ထူးထူးဆန်းဆန်း စာပေဟောပြောပွဲကို ပရိသတ်ထဲမှာ လူဖြူအမျိုးသမီး တစ်ယောက်တက်ရောက် အား ပေးနေတာကို တွေ့တဲ့အတွက် ဟောရင်းနဲ့စိတ်ထဲမှာ တစ်မျိုးပါ လားလို့ ထင်နေမိခဲ့တာ ပွဲပြီးလို့ အောက်ပြန်ရောက်တော့မှ ဒေသ ခံတွေက မိတ်ဆက်ပေးပါတယ်။ ချက်နိုင်ငံ(CZECH) က အမျိုး သမီးကိုး။
ကျွန်တော်တို့ ငယ်ငယ်တုန်း ကတော့ ချက်ကိုတစ်ခုတည်း မသိခဲ့ဘူး။ စလိုဗက်နဲ့တွဲပြီး သိခဲ့ တာ။ ချက်ကိုစလိုဗက်ကီးယား (CZECHO SLOVAKIA) တဲ့။ ခုတော့ နှစ်နိုင်ငံကွဲသွားခဲ့ပါပြီ။ ချက်နဲ့ စလိုဗက်။
ချက်အမျိုးသမီးက ရန်ကုန် မှာ အခြေစိုက်ပါတယ်။ ဘားအံ မှာ စခန်းချပြီး အဲသည့်တစ်ဝိုက် က ကရင်ဒေ သတွေမှာ လူမှုဖွံ့ဖြိုး ရေးလုပ်ငန်းတွေကို လာပြီး ဆောင်ရွက်ပေးနေတဲ့သူပါ။ သဘာဝပတ် ၀န်းကျင်ထိန်း သိမ်း ရေးလိုမျိုး၊ ကျန်းမာရေးလိုမျိုး၊ ပညာရေးလိုမျိုးကိစ္စတွေကို လာ လုပ်ပေးနေတဲ့ အစိုးရမဟုတ် သော အဖွဲ့အစည်းက အမျိုးသမီး ပါ။ အင်န်ဂျီအိုပဲ ဆိုပါတော့။
ဘားအံဘက်ကို အပြန် ကားပေါ်မှာ နေရာယူကြတော့ သူကကိုအော်ပီကျယ်နဲ့ ထိုင်ပါတယ်။ ထုံးစံအတိုင်း စကားစမြည်ပြောကြရင်း နာမည်ကလေး? လိပ်စာကလေးကအစအပြန်အလှန်ရေးပေးဖို့ လိုလာကြတော့ အဲသည့်ချက်အမျိုးသမီး သူ့ဘောပင်ကို ဆွဲထုတ်လိုက်တဲ့အခါ အလွန်အံ့သြဖို့ ကောင်းသွားပါတယ်။ ဘောပင်ကလေးက အလယ်နားဆီကနေ ကျိုးနေတာကိုး။ အဲဒါကို သားရေကွင်းနဲ့ စည်းထားပြီး သုံးနေတာပါ။
‘‘တကယ့် သဘာဝပတ်ဝန်း ကျင်သမားတွေဟာ အဲသည့် အတိုင်းပဲ သူငယ်ချင်းရ’’
ကိုအော်ပီကျယ်ရဲ့ မှတ်ချက်စကားပါ။ ဟုတ်ပါတယ်။ Save the Earth ဆိုတဲ့ စကားအတိုင်း ကမ္ဘာမြေကြီးကို တကယ် စောင့်ရှောက်တဲ့သူတွေပါ။ လူ့ အသုံးအဆောင် ပစ္စည်းတစ်ခုကို ဘယ်တော့မှ လွယ်လွယ်နဲ့ မစွန့်ပစ်ကြတဲ့သူတွေ။ သူတို့လုပ်တဲ့အလုပ်၊ သူတို့ရဲ့ သဘောထားခံယူချက်အတိုင်း သူတို့ကိုယ်တိုင်ကလည်း တကယ်ကျင့်သုံးတဲ့သူတွေပါ။
(နှစ်)
အခု Global Warm လို့ခေါ် တဲ့ ကမ္ဘာကြီးပူနွေးလာမှုအကြောင်းကို ရေးကြ၊ သားကြ၊ ဟောကြ၊ ပြောကြတဲ့သူတွေ တော်တော်များပါတယ်။
အားလုံးသိကြတဲ့အတိုင်း ကမ္ဘာကြီး အပူရှိန်တက်လာရတဲ့ အဓိက လက်သည်တရားခံက ကာဗွန်ပါ။ စက်ရုံ၊ အလုပ်ရုံ ပေါင်းများစွာက ကာဗွန်ထွက်ပါ တယ်။ ကားတွေ၊ ဆိုင်ကယ်တွေ က ကာဗွန်ထွက်ပါတယ်။ လေ ယာဉ်ပျံတွေက ကာဗွန်ထွက်ပါ တယ်။ မီးစက်တွေက ကာဗွန် ထွက်ပါတယ်။ ရေခဲသေတ္တာတွေ က ကာဗွန်ထွက်ပါတယ်။ လေ အေးပေးစက်တွေက ကာဗွန် ထွက်ပါတယ်။ အဲသည့်ထွက်လေ သမျှ ကာဗွန်ဒိုင်အောက်ဆိုက် တွေ (CO2) ၊ ကာဗွန်မိုနော့ဆိုက် တွေ (CO) ဟာ ကမ္ဘာကြီးပူခြင်း ရဲ့ ပြဿနာအရင်းခံတွေပါလို့ Economist မဂ္ဂဇင်းရဲ့ ပင်တိုင် ဆောင်းပါးရှင်လည်းဖြစ်၊ သဘာ
ဝပတ်ဝန်းကျင် ပညာရှင်လည်းဖြစ်တဲ့ Mr.Steve Thompasonက ပြောတာပါ။ ကမ္ဘာကိုဝန်းရံနေတဲ့ လေထုထဲမှာ အဲသည့် ကာဗွန်အုပ်စုကြီးက ထူထပ်နေလေတဲ့အခါ ကမ္ဘာကို ကျဆင်းလာတဲ့နေအပူက ပြန်မထွက်နိုင်တော့ဘဲ ပူအိုက်အိုက်ကြီး ဖြစ်နေရတာဟာ မှန်လုံအိမ် အာနိသင် (Green House Effect) ပါတဲ့။
နိုင်ငံတစ်နိုင်ငံဟာ ကာဗွန် ထုတ်လုပ်တာ ဘယ်လောက်များ သလဲ မများဘူးလဲ တိုင်းတာတာ ကို ကာဗွန်ခြေရာ (Carbon Foot Print) တဲ့ခင်ဗျ။ ကာဗွန်ထုတ် လုပ်တာ အများဆုံးက တစ် အမေရိကန်တဲ့၊ နှစ် ဗြိတိန်တဲ့၊ သုံး ဂျာမနီတဲ့၊ လေး ရုရှားတဲ့၊ ငါး ပြင်သစ်တဲ့၊ ခြောက် တရုတ်တဲ့။ ဒါကိုကြည့်ရင် ကမ္ဘာကြီးကို ပူ အောင်လုပ်တာဟာ ဖွံ့ဖြိုးတိုး တက်ပြီးဖြစ်တဲ့ စက်မှုနိုင်ငံကြီး တွေက အဓိကလက်သည် တရား ခံဆိုတာ ထင်ရှားနေပါတယ်။
သည်လိုပါပဲ လူ့အဖွဲ့အ စည်းတစ်ရပ်မှာ လက်လုပ်လက် စား ဆင်းရဲသားနဲ့ ဥစ္စာဓနကြွယ်ဝ တဲ့သူ ဘယ်သူက ကမ္ဘာပူအောင် ပိုလုပ်သလဲလို့ မေးလာခဲ့ရင် ဥစ္စာ ဓနကြွယ်ဝတဲ့သူတွေက ပိုလုပ် တယ်လို့ပဲ ဆိုကြရမှာပါ။ လက် လုပ်လက်စား ဆင်းရဲသားတွေ၊ တောသူတောင်သားတွေမှာ ကား လည်း မရှိဘူး။ ဆိုင်ကယ်လည်း မရှိဘူး။ မီးစက်လည်း မရှိဘူး။ ရေခဲသေတ္တာလည်း မရှိဘူး။ လေ အေးပေးစက်လည်း မရှိဘူး။ လေ ယာဉ်ပျံလည်း မစီးဘူး။ စက်နဲ့ တူတာဆိုလို့ အပ်ချုပ်စက်တောင် မရှိဘူး။ အဲသည့်လိုလူတွေက ကမ္ဘာကြီးပူအောင် ဘယ်လောက် များ လုပ်နိုင်မှာတဲ့တုံး။
ကာဗွန်ကို ပင်လယ်ကစုပ် တယ်။ ပြီးရင်သစ်ပင်က စုပ်တယ်။သစ်ပင်နဲ့ ပင်လယ်က တစ်နှစ်ကို ကာဗွန်တန်ချိန် ဘီလီယံ သုံးတန်ပဲစုပ်နိုင်တာပါတဲ့။ ကမ္ဘာက ထုတ်နေတဲ့ ကာဗွန်က ဘီလီယံ ခုနစ်တန်တဲ့။ အဲသည့် ကာဗွန်ကို စုပ်မယ့် သစ်တောတွေကို ခုတ် ပစ်တာကရော ဘယ်သူတွေတဲ့လဲ။
(သုံး)
အခု ရယ်စရာကောင်းနေ တာက လေယာဉ်ပျံတ၀ီဝီစီး၊ ကားတ၀ီဝီ မောင်း၊ ဆိုက်ကယ် တဘုန်းဘုန်း တက်ခွ၊ ရေခဲ သေတ္တာမရှိရင်နေလို့ မဖြစ်၊ လေ အေးပေးစက် မဖွင့်ရင်နေလို့ မရ၊ စက်ရုံနဲ့ အလုပ်ရုံနဲ့၊ တချို့သစ် တောနဲ့တောင် မကင်းတဲ့လူတွေ က အဲဒါတွေကို ဘာမှမရှိ၊ မသိ တဲ့ တောနယ်တွေအထိပါ ဆင်း ပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းကြဖို့ ကမ္ဘာကြီးကို ကယ်တင်ကြဖို့ ဟောကြ၊ ပြော ကြ၊ ဓာတ်ပုံအရိုက်ခံကြ ဗီဒီယို မှတ်တမ်းတင်ကြ လုပ်နေတာ တွေကို ကြည့်ပြီး လူတွေက အံ့သြနေကြတာပါ။
ကရင်ပြည်နယ်က အပြန် ကားပေါ်မှာ တွေ့ခဲ့ရတဲ့ ချက်အ မျိုးသမီးက ဘောပင်အကျိုးကို သားရေကွင်းနဲ့ပတ်ပြီး စာရေး တဲ့ အမျိုးသမီးပါ။ သဘာဝ ပတ် ၀န်းကျင်ထိန်းသိမ်းသူဆိုတဲ့ သူ့ အလုပ်နဲ့ သူ့ဘ၀နေထိုင်မှု ဟန် ပန်ကိုက်ညီပါတယ်။ လုပ်ရပ်နဲ့ စိတ်ဓာတ်က တစ်ထပ်တည်း။ ကျွန်တော်တို့ဆီက လူတချို့ကျ တော့ ...။ အင်း.... ရယ်စရာကြီး တွေပါဗျာ ။ ။
မောင်သာချို | 7daydaily
+5-6-2014+Thur+copy.jpg)
မှတ်ချက်များ