စစ်တပ်အရာရှိတစ်ဦးအား ဧရာဝတီဂျာနယ် သတင်းထောက်က အမှုဖွင့်တိုင်ကြားထား
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ခ.မ.ရ ၅၃၂ စစ်တပ်အရာရှိတစ်ဦးအား ဧရာဝတီသတင်းဂျာ နယ်၏ အကြီးတန်းသတင်းထောက်က အမှုဖွင့်တိုင်ကြားထားမှုကို ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ လတ်တလော တွင် ခုံရုံးဖွဲ့စစ်ဆေးလျက်ရှိသည်။
“တိုင်းစစ်ဌာနချုပ်ကတော့ လတ်တလော ခုံရုံးဖွဲ့စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ ဖြစ်စဉ်ကို သိရှိတဲ့ စခန်းက ဒုရဲအုပ်အဆင့်တပ်ဖွဲ့ဝင်ကို မေးမြန်းဖို့အတွက် ဆင့်ခေါ်စာပို့ထားပါတယ်။ စစ်ဌာနချုပ် အနေ နဲ့ စစ်ဘက်ဆိုင်ရာမှာပဲ စစ်မလား။ အရပ်ဘက်ကိုလွှဲမလားဆိုတာတော့ တိုင်းဒေသကြီးရဲတပ်ဖွဲ့ကို တရားဝင်အကြောင်းပြန်မှာပါ။ လက်ရှိအချိန်ထိတော့ မြို့နယ်ရဲတပ်ဖွဲ့ထံ အကြောင်းပြန်စာ မရောက်သေး ပါဘူး”ဟု လှိုင်သာယာမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းမြင့်ဦးက ဇွန် ၂၅ ရက် ကဆိုသည်။
ခ.မ.ရ ၅၃၂ စစ်တပ်အရာရှိတစ်ဦးက သတင်းထောက် ကိုကျော်ထွန်းအား ပိုင်နက်ကျူးလွန်မှုဖြင့် လှိုင်သာ ယာမြို့မရဲစခန်းတွင် အမှုဖွင့်တရားစွဲဆိုထားပြီး ကိုကျော်ထွန်းအနေဖြင့် ယင်းစစ်တပ်အရာရှိနှင့် အပေါင်း အပါများအား လုယက်မှု၊ နာကျင်စေမှု၊ ဝတ္တရားနှောင့်ယှက်မှုတို့ဖြင့် ပြန်လည်အမှုဖွင့်သည့်အခါ ရဲစခန်းက ရဲအရေးမပိုင်သည့်အတွက် တရားရုံးကို ဦးတိုက်လျှောက်ရန်ပြောကြားခဲ့ပြီး တရားရုံးသို့ လျှောက်ထား ရာတွင်လည်း တပ်မတော်သားဖြစ်နေ၍ သက်ဆိုင်ရာစစ်ဌာနချုပ် ခွင့်ပြုမိန့်ရမှ စစ်ဆေးလို့ရမည်ဟု ပြော ကြားခဲ့ကြောင်း သိရသည်။
ကိုကျော်ထွန်းသည် လှိုင်သာယာမြို့နယ်တွင် နေထိုင်သည့် လယ်သမား ကိုအောင်မင်းလှိုင်က ၎င်းလယ် လုပ်ကိုင်သည့် မြေနေရာအား တပ်မှဖယ်ရှားခိုင်းသည့်ကိစ္စနှင့် ပတ်သက်၍ သတင်းပေးရန် မေ ၃၁ ရက်က ဆက်သွယ်ခဲ့သောကြောင့် ယင်းနေ့ည၌ သွားရောက်ပြီး သတင်းယူနေစဉ် လူအယောက် ၃ဝခန့်က တုတ်၊ ဓားလက်နက်များကိုင်ဆောင်၍ အိမ်ပေါ်ရှိ မီးချောင်းနှင့် မီးကြိုးများကို ရိုက်ဖြတ်မှုများ ပြုလုပ်ကြကြောင်း ယင်းသို့ဖျက်ဆီးမှုများအား ဓာတ်ပုံရိုက်သည့်အခါ လူသုံးဦးက ၎င်းအား ဝိုင်းဝန်းထိုးကြိတ်ကြကာ ဆိုင်ကယ်ဖြင့် ခ.မ.ရ၅၃၂ တပ်အတွင်း ခေါ်ဆောင်၍ စစ်ဆေးမြန်းမှုများပြုလုပ်ပြီး ရဲစခန်းတွင် ပိုက်နက်ကျူး လွန်မှုဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ကြောင်း သိရသည်။
သတင်းမီဒီယာသမားတစ်ဦးသည် စစ်မက်ဖြစ်ပွားရာဒေသ၊ အရေးအခင်း အဓိကရုဏ်း၊ အများပြည်သူ ဆန္ဒပြရာ နေရာဒေသတို့၌ သက်ဆိုင်ရာတာဝန်ရှိအဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်း များနှင့်အညီ သတင်းရယူစဉ်တွင် လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖမ်းဆီးထိန်း သိမ်းခြင်း ၊သတင်းမှတ်တမ်းစသည့် သတင်းရယူခြင်းနှင့်သက်ဆိုင်သော ကိရိယာများကို သိမ်းယူခံရခြင်းနှင့် ဖျက်ဆီးခံရခြင်းတို့မှ ကင်းလွတ်စေရမည်ဖြစ်ကြောင်းနှင့် လုံခြုံရေးဆိုင်ရာအဖွဲ့အစည်းများရှိက ယင်းတို့၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့်ရှိစေရမည်ဖြစ်ကြောင်း သတင်းမီဒီယာဥပဒေပုဒ်မ ၇ အရ သိရသည်။
ဝေလင်းအောင် | EMG
မှတ်ချက်များ