AH 5017 ပျက်ကျမှုတွင် အသက်ရှင်ကျန်ရစ်သူ တစ်ဦးမျှ မရှိဟု ပြင်သစ်သမ္မတပြောကြား
အယ်လ်ဂျီးရီးယားပိုင် Air Algerie လေကြောင်းလိုင်း၏ AH 5017 လေယာဉ်ပျက်ကျမှုတွင် အသက်ရှင် ကျန်ရစ်သူ တစ်ဦးမျှ မရှိကြောင်း ပြင်သစ်သမ္မတ ဖရန်ကွိုက်စ် ဟော်လန်ဒေးက အတည်ပြု ပြောကြား ခဲ့သည်။
AH 5017 လေယာဉ်ပျက်ကျမှုတွင် ပြင်သစ်နိုင်ငံသား အများစု အသက်ဆုံးရှုံးခဲ့ပြီး လေယာဉ်နှင့် မြေပြင် အခြေစိုက် လေကြောင်းထိန်းသိမ်းရေး မျှော်စင် အဆက်အသွယ် ပြတ်တောက်သွားသည့်နောက် ရှာဖွေရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း ပြင်သစ်က ဦးဆောင်နေရာမှ ပါဝင်ခဲ့သည်။
AH 5017 သည် ဘာကီနာဖာဆိုမှ မြောက်ဘက်ရှိ အယ်လ်ဂျီးရီးယားသို့ ဦးတည်ပျံသန်းစဉ် မာလီပိုင်နက် အတွင်း ပျက်ကျခဲ့ခြင်း ဖြစ်သည်။ ဇူလိုင်(၂၄)ရက်က ရာသီဥတု ဆိုးရွားလွန်းသဖြင့် လမ်းကြောင်းပြောင်း ပျံသန်းခွင့် ပြုပါရန် လေယာဉ်မှူးက နိုက်ဂျား လေကြောင်းထိန်းသိမ်းရေးဌာနသို့ ဆက်သွယ် ခွင့်တောင်း ပြီးနောက် လေယာဉ်မှာ ရေဒါပေါ်မှ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။
ဇူလိုင်(၂၅)ရက်နေ့တွင်မူ လေယာဉ်ပျက် အစိတ်အပိုင်းများကို ရှာဖွေတွေ့ရှိပြီဟု ဘာကီနာဖာဆို အစိုးရ က ကြေညာခဲ့သည်။
“ပြင်သစ်စစ်သားတွေဟာ လေယာဉ်ပျက် အစိတ်အပိုင်းတွေ ရှိနေတဲ့ နေရာထိ ရောက်ရှိခဲ့ပြီး ကနဦး စုံစမ်းရှာဖွေမှုတွေ လုပ်ဆောင်နေပါပြီ။ ဝမ်းနည်းဖို့ ကောင်းတာက တစ်ယောက်ယောက် အသက်ရှင်ခဲ့တဲ့ လက္ခဏာမျိုး လုံးဝ မတွေ့ရပါဘူး”ဟု ဟော်လန်ဒေးက ပြောကြားခဲ့သည်။ လေယာဉ်ပျက်ကျမှုတွင် ခရီးသည် (၁၁၀)ဦးနှင့် အမှုထမ်း (၆)ဦးတို့ အသက်ဆုံးရှုံးခဲ့ရသည်။ ယင်းတို့အနက် ထက်ဝက်မျှ သည် ပြင်သစ်နိုင်ငံသားများ ဖြစ်ကြသည်။
လေယာဉ်ပျက်ကျချိန်က အဆိုပါ MD-83 အမျိုးအစား လေယာဉ်ကို စပိန်လေကြောင်းလိုင်း Swiftair က ငှားရမ်းအသုံးပြုနေခဲ့သည်။ မိုးလေဝသ ပညာရှင် တစ်ဦးဖြစ်သည့် တိုမက်ဇ်ခ် ရှာဖာနက်ကာက “လေထုထဲ မှာ (၁၅)ကီလိုမီတာလောက်ထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတဲ့ မိုးကြိုးမုန်တိုင်းတွေက လေယာဉ်ကို ဟန်ချက်ပျက်မှုတွေ၊ တောင်ပံမှာ ရေခဲမှုတွေနဲ့ မိုးကြိုးပစ်ခံရမှုတွေ ကြုံလာစေနိုင်ပါတယ်”ဟု မှတ်ချက်ပြုခဲ့ သည်။ လေယာဉ်ပျက်ကျသည့် နေရာတွင် မာလီသူပုန်တပ်များ လှုပ်ရှားလေ့ ရှိသော်လည်း AH 5017 ပျက်ကျရသည့် အဓိက အကြောင်းရင်းမှာ ရာသီဥတုကြောင့်သာ ဖြစ်နိုင်ကြောင်း ယူဆရသည်။
ပြင်သစ် ပြည်ထဲရေးဝန်ကြီး ဘားနတ်ဒ် ကာဇန်နူဗီးက “လေယာဉ်က ပျက်ကျတဲ့ အချိန်မှာပဲ ဆိုးဆိုးရွားရွား ပျက်စီးသွားပါတယ်။ ကျွန်တော်တို့ အထင်တော့ ပျက်ကျရတဲ့ အကြောင်းရင်းဟာ ရာသီဥတု အခြေအနေတွေနဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်။ အဲဒီရှုထောင့်ကနေ လွဲချော်သွားတဲ့ တခြားကိစ္စမျိုး ရှာမတွေ့ပါ ဘူး”ဟု ပြောကြားခဲ့သည်။
ပြင်သစ်စစ်သား (၁၀၀)ကျော်နှင့် ယာဉ်ယန္တရား (၃၀)မျှ ပါဝင်သော ရှာဖွေရေး အဖွဲ့သည် ဇူလိုင်(၂၅)ရက် တွင် လေယာဉ်ပျက်ကျသည့် နေရာသို့ ရောက်ရှိပြီး ရှာဖွေရှင်းလင်းမှု လုပ်ငန်းစဉ်များ စတင်နေပြီဟု သိရှိရသည်။
Ref: BBC
7day

မှတ်ချက်များ