သိန်း ၅၀တန် အိမ်ရာများ ကေအဲန်ယူက ဆောက်လုပ်ပေးနေ


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဘုရားသုံးဆူမြို့နယ်ခွဲရှိ မြိုင်သာယာနှင့် မဲ့ကသာနေရာများ တွင် ကေအဲန်ယူ-ကရင်အ မျိုးသားအစည်းအရုံး တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်က တစ်လုံးလျှင် တန်ဖိုးငွေ ကျပ် ၅၀တန် အိမ်ရာအလုံး ၁၅၀ကို ဆောက် လုပ်ပေးနေကြောင်း သိရသည်။

၎င်းအိမ်ရာများကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၃-၂၀၁၄ ခွင့်ပြုဘတ်ဂျက်ဖြင့် ကေအဲန်ယူ၊ ဒူးပလာယာခရိုင်က အကောင်အ ထည်ဖော်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး မတ်လ ၃၁ရက် နေ့က စတင်ကာ လာမည့် သြဂုတ်လအကုန်တွင် အပြီးဆောက်လုပ်သွားမည်ဖြစ်ကြောင်း KNU တပ်မဟာ(၆)၏ ဒေသဖွံ့ဖြိုးရေး နှင့် ပြန်လည်နေရာချ ထားရေးတာဝန် ခံ ဗိုလ်မှူးစောရန်နိုင်က ပြောသည်။

“နေအိမ်ဆောက်လုပ်ဖို့အတွက် ဇူလှိုင်လ နောက်ဆုံးအပတ်မှာ အပြီးဆောက်လုပ်ရမှာဖြစ်တယ်။ ဒါပေမယ့်လို့ သစ်ရရှိမှု အခက် အခဲရှိတာရယ်၊ မိုးတွင်းဆိုတော့ လမ်းတွေပျက်ပြီး သွားလာသယ်ယူရခက် ခဲတဲ့ အခြေအနေပေါ်မှာတော့ လောလောဆယ် မပြီး စီးနိုင်သေးဘူးပေါ့။ ဒီသြဂုတ်လလောက်ဆို ပြီးပြတ်မယ်လို့ ထင်ပါတယ်”ဟု ကေအိုင်စီသို့ ပြောဆိုသည်။

အဆိုပါ အိမ်ရာစီမံကိန်းကို မြိုင်သာယာတွင် အလုံး ၁၀၀နှင့် မဲ့ကသာနေရာတွင် အလုံး ၅၀တို့ကို အနံပေ ၈၀၊ အလျားပေ ၁၀၀ ခြံဝင်းရှိ မြေကွက်ပေါ်တွင် ပေ ၂၇ x ၃၀ သွပ်မိုးပျဉ်ထောင် အမျိုးအစား နေအိမ်တစ် လုံးချင်းစီကို ကေအဲန်ယူ တပ်မဟာ(၆)၏ ကြီးကြပ်မှုဖြင့် ဒေသခံကုမ္ပဏီများဖြစ်သည့် ရွှေမင်းတမန်နှင့် ထာ့မူ့လား ဆောက်လုပ်ရေးကုမ္ပဏီနှစ်ခုမှ တာဝန်ယူ ဆောက်လုပ် ပေးခြင်းဖြစ်သည်။

အိမ်ရာဆောက်လုပ်မှုနှင့် ပတ်သက်၍ ကေအဲန်ယူ ဒူးပလာယာခရိုင်ဥက္ကဌ ပဒိုစောရွှေမောင်းက “ဟိုး အရင်ကတည်းက စစ် ကြောင့် အိမ်ယာမဲ့သွားပြီးတော့ ပြေးလွှားပုန်းအောင်းနေရတဲ့သူတွေ ရှိတယ်။ အခု အပစ်အခတ်ရပ်စဲပြီးနောက်ပိုင်းမှာ သူတို့ တွေပြန်ပြီး နေထိုင်နိုင်ဖို့ ဆောက်လုပ်တာပါ” ဟု ကေအိုင်စီ သို့ ပြောသည်။

အလားတူ KNU တပ်မဟာ (၇)နယ်မြေရှိ မော်ဖိုးကေနှင့် မဲတရိတွင်လည်း တန်ဖိုးနည်းအိမ်ရာအလုံး ၁၀၀ကို တပ်မဟာ(၇)၏ မိုးကိုစံကုမ္ပဏီက တာဝန်ယူဆောက်လုပ်ပေးနေပြီး လက်ရှိအနေအထားအရ အိမ်အလုံး ၈၀ကိုလည်းကောင်း၊ ဘိတ်-ထားဝယ် ခရိုင်၊ တပ်မဟာ(၄)၌လည်း ၎င်းအိမ်ရာအလုံး ၂၀၀ကို ဆောက်လုပ်ပြီးဖြစ်ကြောင်း သိရသည်။


KIC News

မှတ်ချက်များ