အပေါင်ပစ္စည်း မလိုအပ်ဘဲ ငွေချေးနိုင်မည့် ချေးငွေ အာမခံစနစ်ကို စမ်းသပ်မည်


ချေးငွေ အာမခံ ရရှိ ထားပါက အပေါင် ပစ္စည်း မလိုဘဲ ငွေချေးယူ နိုင်ရန် စီစဉ်လျက် ရှိရာ ပြည်တွင်း အလတ်စား၊ အသေးစား လုပ်ငန်းရှင်များ အတွက် အခွင့်အလမ်းများ တိုးလာနိုင် သော်လည်း အဆိုပါ စနစ်ကို ပြည်တွင်း၌ အသုံးပြု နိုင်ရန်မှာမူ စိန်ခေါ်မှု အချို့ ရှိလာနိုင် ကြောင်း ဘဏ် လုပ်ငန်း အသိုင်း အဝိုင်းမှ သိရသည်။

အပေါင် မလိုဘဲ ငွေချေး နိုင်မည့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ချေးငွေ အာမခံကို မြန် မာ့ အာမခံ လုပ်ငန်း ကြီးကြပ်ရေး အဖွဲ့က ရောင်းချမည် ဖြစ်ပြီး ချေးငွေ အာမခံ ရရှိထား ပါက အသေးစား အလတ်စား စက်မှု လက်မှု ဖွံ့ဖြိုးရေး ဘဏ်တွင် အပေါင် ပစ္စည်း မလိုဘဲ ငွေချေး နိုင်မည် ဖြစ်ကြောင်း အဆိုပါ ဘဏ်၏ မန်နေဂျင်း ဒါရိုက်တာ ဦးတင်မောင်ဌေးက ပြောကြားသည်။

`အပေါင် ပစ္စည်း မလိုအပ်ဘဲ ငွေချေး နိုင်မယ့် အာမခံ စနစ်ကို ပထမဆုံး တစ်နှစ် စမ်းသပ် လုပ်ကိုင်မှာ ဖြစ် ပါတယ်။ အောင်မြင်မှု အခြေအနေကို မူတည်ပြီး ရေရှည်မှာ ဆက်လက် လုပ်ကိုင် သွားဖို့ ရှိပါတယ်။ အခက်အခဲတွေ ကတော့ အများကြီး ရှိပါတယ်။ နိုင်ငံ အနေနဲ့ မူဝါဒ တစ်ခု ကနေ တစ်ခု၊ စနစ် တစ်ခု ကနေ တစ်ခုကို ကူးပြောင်း ရတဲ့ အတွက် စိန်ခေါ်မှုတွေ ကိုလည်း ထည့်သွင်း စဉ်းစား ထားရ ပါတယ်။

ဒါပေမယ့် အာမခံ ဝယ်ယူ ထားပြီး ဆုံးရှုံးမှု တစ်စုံ တစ်ရာ ဖြစ်လာမယ် ဆိုရင် မြန်မာ့ အာမခံ လုပ်ငန်း အနေ နဲ့ ၄၀ ရာခိုင်နှုန်း ပေးလျော်ဖို့ စီစဉ်ထား ပါတယ်´ ဟု အာမခံ ကြီးကြပ်ရေး အဖွဲ့ ဥက္ကဋ္ဌ၊ ဘဏ္ဍာရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားသည်။ လက်ရှိတွင် အသေးစား၊ အလတ်စား စက်မှု လက်မှု ဖွံ့ဖြိုးရေး ဘဏ်သည် ချေးငွေ အာမခံ မရှိသည့် လုပ်ငန်း များကို ဗဟိုဘဏ်၏ ညွှန်ကြားချက် များနှင့် အညီ ရိုးရိုး ချေးငွေ အတွက် အတိုးနှုန်း ၁၂ ရာခိုင်နှုန်းနှင့် အသေးစား၊ အလတ်စား လုပ်ငန်းရှင်များ အတွက် အတိုးနှုန်း ၈ ဒသမ ၅ ရာခိုင်နှုန်းဖြင့် ချေးငွေများ ထုတ်ချေးလျက် ရှိပြီး ပစ္စည်း အပေါင် ထားသည့် စနစ်ကို အသုံးပြုလျက် ရှိကြောင်း ဦးတင်မောင်ဌေး ထံမှ သိရှိ ရသည်။

ချေးငွေ အာမခံ စနစ်ကို အသုံးပြုကာ အပေါင်ပစ္စည်း မပါဘဲ ငွေချေးသည့် စနစ်ကို နိုင်ငံတကာတွင် ကျင့်သုံး လျက် ရှိသော်လည်း နိုင်ငံတိုင်းတွင် Credit Bureau စနစ် အောင်မြင် ထားမှုကြောင့် လုပ်ဆောင် နိုင်ခြင်း ဖြစ် ပြီး အဆိုပါ စနစ်မှာ လုပ်ငန်းငယ်များ အတွက် အမှန်တကယ် အကျိုး ကျေးဇူးများ ရရှိ စေနိုင်ကြောင်း ဗဟို ဘဏ် ဒုတိယ ဥက္ကဌ ဦးဆက်အောင်က မှတ်ချက် ပေးသည်။ ခရက်ဒစ်ဗျူရို စနစ် အရ ငွေလိုအပ်သည့် လုပ် ငန်းရှင်သည် အပေါင်ထားရှိစရာ မလိုဘဲ ဘဏ်တစ်ခုပြီး တစ်ခု၌ ငွေချေးယူ နိုင်မည် ဖြစ်သည့် အပြင် ဘဏ်များ ကလည်း မိမိတို့ ဘဏ်တွင် ငွေချေးယူသူ၏ အချက်အလက် များကို ထိန်းသိမ်း ထားရမည် ဖြစ် သည်။

သို့ရာတွင် ငွေချေးယူ သူ၏ အချက်အလက် များကို အဆိုပါ ခရက်ဒစ်ဗျူရို၌ လက်ခံ ထားရှိကာ ချေးငွေရယူ ထားသည့် အချက်အလက် များနှင့် ပြန်လည် ပေးဆပ်မှု အခြေအနေ များကို သိရှိနိုင်ပြီး ငွေချေးခွင့် ရှိမရှိ ဆုံးဖြတ် နိုင်ခြင်း ဖြစ်ရာ Credit Bureau မရှိသေးသည့် နိုင်ငံများ အဖို့ အပေါင် မပါဘဲ ငွေချေးမှုများမှာ အ ခက်အခဲများ ရှိနေကြောင်း သိရသည်။

ယခု စတင် ကျင့်သုံးမည့် ငွေချေး အာမခံ (Credit Guarantee Insurance) မှာ အပေါင် ပစ္စည်း မရှိပါက ပထမနှစ်တွင် သုံးရာခိုင် နှုန်း၊ ဒုတိယနှစ်တွင် ၂ ဒသမ ၅ ရာခိုင်နှုန်းနှင့် တတိယနှစ်တွင် တစ်ရာခိုင်နှုန်းခန့် သတ်မှတ်ကာ ဝယ်ယူနိုင်ပြီး အသေး စားနှင့် အလတ်စား လုပ်ငန်းများ အတွက်မူ ငွေချေး အာမခံ ပရီမီ ယံကြေးကို အပေါင် ပစ္စည်း ရှိ၊ မရှိ အခြေအနေပေါ် မူတည်ကာ သတ်မှတ်ထား ရကြောင်း အာမခံ ကြီးကြပ်ရေး အဖွဲ့မှ သိရှိ ရသည်။ `စိုးရိမ်စရာက ငွေချေးယူသူ တွေကို ယုံကြည် စိတ်ချရမှု ဖြစ်ပါတယ်။

ကျွန်တော်တို့ အနေနဲ့က စိန်ခေါ်မှုတွေ အများကြီး ရှိပါတယ်။ ဥပမာ ပြောရရင် နိုင်ငံခြားဘဏ် လုပ်ငန်း လုပ်ကိုင်ခွင့် ရခဲ့တာ တစ်နှစ် ဝန်းကျင်ပဲ ရှိသေး တာကို နိုင်ငံခြား ဘဏ်တွေနဲ့အပြိုင် လုပ်ကိုင်နိုင်ဖို့ ကြိုတင် ပြင်ဆင် နေရချိန် ဖြစ်ပါတယ်။ ဈေးကွက်မှာ အပြိုင် အဆိုင်တွေ အများကြီး ရှိနေတဲ့ အတွက် ငွေ ထုတ်ချေးတဲ့ ကိစ္စရပ် တွေမှာ မူဝါဒပိုင်း ဆိုင်ရာ စိုးရိမ်မှုတွေ ရှိနေရတာ ဖြစ်ပါတယ်။

အပေါင် ထားတဲ့ ငွေချေးမှုကို စဉ်းစားရာမှာ ယုံကြည် စိတ်ချရစေဖို့ အရင်ဆုံး ရွေးချယ်ရ ပါတယ်။ အတိုးနှုန်း ကတော့ သတ်မှတ် ထားတဲ့ အတိုင်း ၁၃ ရာခိုင်နှုန်း ရယူ ပါတယ်။ အပေါင် ပစ္စည်းကိုတော့ ဗဟိုဘဏ်က သတ်မှတ် ပေးထားတဲ့ အထဲက မရွှေ့ပြောင်း နိုင်တဲ့ အိမ်ခြံမြေကို အဓိက လက်ခံ ပေးနေ ပါတယ်´ ဟု ဘဏ်လုပ်ငန်း လုပ်ကိုင်သူ ဒါရိုက်တာ တစ်ဦးက ပြောကြားသည်။

ပြည်တွင်း လုပ်ငန်းရှင် အများစုမှာမူ ဘဏ်များမှ ငွေချေးယူ ကြရာတွင် ပြည်ပ ဘဏ် လုပ်ငန်းများ ဝင်ရောက် လာပါက ပိုမို အခွင့်အရေး ရရှိကာ အတိုးနှုန်း များလည်း ကျဆင်း လာမည်ဟု မျှော်လင့် ကြသော်လည်း ဗဟိုဘဏ် တာဝန်ရှိသူ တစ်ဦး ကမူ ပြည်ပ ဘဏ်များ ဝင်ရောက် လာသော်လည်း အခြား ဖွံ့ဖြိုးပြီး နိုင်ငံများကဲ့သို့ အတိုးနှုန်းကို တစ်ရာခိုင်နှုန်း မှ သုံးရာခိုင်နှုန်း အထိ လျှော့ချမှုများ ပေးအပ်နိုင်ဦးမည် မဟုတ်ဘဲ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်မှ သတ်မှတ် ထားသည့် နိုင်ငံ့ ငွေကြေး ဖောင်းပွမှု နှုန်းထား အရ အတိုးနှုန်းကို သတ်မှတ်မည်သာ ဖြစ်ကြောင်း ရှင်းပြသည်။

လက်ရှိတွင် ပြည်တွင်း ငွေကြေး ဖောင်းပွမှုမှာ တစ်နှစ်လျှင် ခြောက်ရာခိုင် နှုန်းခန့် ရှိနေခြင်းကြောင့် အတိုးနှုန်းကို ယင်းထက် ကျော်လွန်စေရန် ရှစ်ရာခိုင်နှုန်း သတ်မှတ် ထားခြင်း ဖြစ်ပြီး စီးပွားရေး အားကောင်း လာပါက ငွေကြေး ဖောင်းပွမှု နှုန်းထား များလည်း လျော့ကျကာ အတိုးနှုန်းများလည်း ကျဆင်း လာနိုင် ကြောင်း ဘဏ်လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း လုပ်ကိုင်ရန် အတွက် ဗြိတိန်၊ ဂျပန်၊ နယူးဇီလန်၊ ဗီယက်နမ်၊ ဘရူနိုင်း၊ ကိုရီးယား၊ အိန္ဒိယ၊ ဩစတြေးလျ စသည့် နိုင်ငံများမှ ဘဏ် ၄၂ ခုခန့်အား ကိုယ်စားလှယ် ရုံးခွဲများ ဖွင့်လှစ်ခွင့် ပေးခဲ့ပြီး လာမည့်နှစ်များ အတွင်း ဘဏ်ခွဲများ အဖြစ် မြင်တွေ့ရမည် ဖြစ်သည်။

မကြာမီ စတင် ကျင့်သုံး တော့မည် ဖြစ်သည့် ချေးငွေ အာမခံ စနစ်အား ဂျာမနီ နိုင်ငံ GIZ နှင့် ဂျပန် နိုင်ငံ ဆူမီတိုမိုမစ်ဆူရီ ဘဏ်တို့မှ ပညာရှင် များ၏ အကြံဥာဏ်နှင့် နည်းစနစ်များကို ရယူထားခြင်း ဖြစ်ကြောင်း သိရသည်။

MOI

မှတ်ချက်များ