အုပ်ချုပ်ရေးမှူးနှင့် ရဲများက ဆုံးမရန်ဟုဆိုကာ ခေါ်ယူရိုက်နှက်ခံရသူ ဆေးရုံတင်ထားရ


ဧရာဝတီတိုင်း၊ ကန်ကြီးထောင်မြို့၊ ပေပင်ကျေးရွာနေ မောင်သက်ပိုင်အား အုပ်ချုပ်ရေးမှူးနှင့် ရဲတပ်ဖွဲ့ ဝင်နှစ် ဦးက ဆုံးမရန်ဟု အကြောင်းပြချက်ဖြင့် အုပ်ချုပ်ရေးမှူးအိမ်တွင် ခေါ်ယူရိုက်နှက်ခြင်းကြောင့် ပုသိမ်ဆေးရုံ တွင် တက်ရောက် ဆေးကုသမှု ခံယူနေရဟု မောင်သက်ပိုင်က မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့  ရဲတပ်ဖွဲ့က လူတွေက တရားခံဆိုပြီး ဖမ်းပြီး အုပ်ချုပ်ရေးမှူးအိမ် ခေါ်သွားပြီးတော့၊ ဖိနပ်နဲ့ ကျောကုန်းကိုကန်တယ် ပြီးတော့ မျက်နှာကို အုပ်ချုပ်ရေးမှူးက ထိုးတယ်၊ ကန်ခံရတော့ သွေး အန်တယ်၊ အိမ်ပြန်ရောက်ပြီးတော့ အောင့်တာ မခံနိုင်တော့လို ပုသိမ်ဆေးရုံမှာ လာတက်ကုနေတာပါ၊ သူတို့ ထိုးလို့ ကြိတ်လို့ဝတော့ ပြန်လွှတ်ပေးတယ်၊ ဘာလို့ဖမ်းတာမှန်းမသိဘူး၊ လမ်းလုပ်ခိုင်းတာ မလုပ် လို့ရော၊ အမေက ဆုံးမဖို့ ခေါ်ပြောထားလို့လုပ်တာ၊ ညနေမှ အိမ်ပြန်ရတယ်”ဟု ရိုက်နှက်ခံရ သူ မောင်သက်ပိုင်က ပြောသည်။

“ကျွန်တော်တို့ ခေါ်တာကိုမလာလို့ ရဲတွေအကြောင်းကြားပြီး သွားခေါ်ခိုင်းပါတယ်၊ သူ့ကို မရိုက်ပါဘူး။ သူအနားမှာ မူးပြီး အသက်ကြီးသူတွေဆဲလို့ ဒဏ်အဖြစ်နဲ့ လမ်းကို သဲတစ်ခေါက်တိုက်ခိုင်းထားတယ်၊ သူ့အမေ ကလည်း ကျွန်တော့်ကို သူသားကိုဆုံးမပေးဖို့ ပြောထားတာလည်းရှိတယ်၊ သူ့ကို အေးအေးဆေးဆေးပြောပြီး ပြန်လွှတ်လိုက်တာပါ၊ ရွာမှာ အပြစ်လုပ်တဲ့သူတွေကို ရွာလမ်းသဲ တခေါက်ပို့ ခိုင်းပြီး ဒဏ်တပ်ပါဘယ်သူမဆို”ဟု ပေပင်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွေးက မဇ္ဈိမကို ပြောသည်။

ပုသိမ်ဆေးရုံမှ တာဝန်ရှိသူတစ်ဦးက “ဆေးရုံရောက်တာနဲ့ ရဲအရေးယူပိုင်တဲ့ အမှုတွေဆို ရဲကို အကြောင်းကြားပါတယ်၊ ရဲက အမှုဖွင့်တာမဖွင့်တာတော့ မသိဘူး၊ ဆေးရုံကလုပ်ရမယ့်ကိစ္စကို လုပ်ပေးထားပါတယ်”ဟု ပြောသည်။

ရိုက်နှက်ခံရမှုအတွက် မောင်သက်ဦး၏ မိသားစုများက ဇူလိုင်လ ၇ ရက်က သက်ဆိုင်ရာရဲစခန်းတွင် အမှုသွားရောက်ဖွင့်လျက်ရှိသည်။

Mizzima

မှတ်ချက်များ