တရုတ်နိုင်ငံရှိ မြစ်ကြောင်းတစ်ခုအတွင်းမှ ရေများ ပဟေဋ္ဌိဆန်စွာ သွေးရောင်ပြောင်းသွားခဲ့
တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ မြစ်ကြောင်းတစ်ခုအတွင်းမှ ရေများသည် ပဟေဋ္ဌိဆန်ဆန် သွေးနီရောင် အဖြစ် ပြောင်းလဲသွားကြောင်း သိရသည်။ အဆိုပါ မြစ်ရေစီးကြောင်း ဖြတ်သန်းရာ ဇီဂျန်းဒေသရှိ ဒေသခံ များ၏အဆိုအရ မြစ်ရေမှာ ကြာသပတေးနေ့(ဇူလိုင် ၂၄ ရက်) နံနက် ၅း၀၀ အထိ ပုံမှန်အတိုင်းပင်ရှိနေ ခဲ့ပြီးနောက် တစ်နာရီအတွင်းမှာပင် မြစ်တစ်လုံးရှိ ရေများမှာ ကြက်သွေးရောင်အဖြစ် ပြောင်းလဲသွားခြင်းဖြစ် သည်ဟု သိရသည်။ ထို့အတူ လေထုအတွင်း ပြင်းထန်စူးရှသည့် အနံ့များလည်း ပျံ့လွင့်လာခဲ့ကြောင်း ၎င်းတို့က ပြောကြားသည်။
“တစ်ကယ့်ကို ထူးဆန်းတာက ရေဟာ အရမ်းကို ကြည်လင်သွားတဲ့အတွက် ကျွန်တော်တို့ ငါးဖမ်းနိုင်တဲ့အထိပဲ”ဟု အဆိုပါမြစ်အနီးမှ ဒေသခံတစ်ဦးက တရုတ်လူမှုကွန်ရက်ဝက်ဘ်ဆိုက် Weibo တွင် မှတ်ချက်ပြုရေးသားထားသည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာနမှ စစ်ဆေးရာအရာရှိများက မြစ်ရေများ သွေးနီရောင် ပြောင်း သွားရသည့် အကြောင်းရင်းကို မသိရှိနိုင်သေးကြောင်း ပြောကြားသည်။ သို့သော်လည်း အဆိုပါမြစ်ရေ နမူနာများအရ မြစ်အတွင်းအမှိုက်သရိုက်ကဲ့သို့ စွန့်ပစ်ပစ္စည်းများ စွန့်ပစ်မှုကြောင့် ဖြစ်နိုင် သည်ဟုဆို သည်။
“တစ်စုံတစ်ယောက်က မြစ်ရေထဲကို အရောင်ဆိုးဆေးလိုဟာမျိုးတွေ စွန့်ပစ်လိုက်တာဖြစ်မယ်လို့ သံသယရှိပါတယ်” သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အကြီးအကဲက China News သတင်းဌာန ကို ပြောကြားသည်။
ရေများ သွေးနီရောင်ကဲ့သို့ ပြောင်းသွားသည့် မြစ်ကြောင်းတစ်လျှောက်တွင် စက္ကူစက်ရုံတစ်ရုံ၊ စားအ စာအရောင်ဆိုးဆေး ထုတ်လုပ်သည့် ကုမ္ပဏီနှင့် အဝတ်အထည် ထုတ်လုပ်သည့် လုပ်ငန်းတစ်ခုတို့ ရှိနေကြောင်း သိရသည်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက ယခုဖြစ်ရပ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ပြောကြားသည်။
Mizzima

မှတ်ချက်များ