ကျည်ဆန်ရထားနှင့် နှစ် ၅၀ ပြည့်ချိန်
၁၉၆၄ ခုနှစ် တိုကျိုအိုလံပစ်ပြိုင်ပွဲမတိုင်မီ ကိုးရက်အလိုတွင် ဂျပန်နိုင်ငံမြို့တော် တိုကျိုမှ ဖူဂျီတောင်ကြီး ကိုဖြတ်၍ အိုဆာကာမြို့သို့ စံချိန်တင်တိုတောင်းသော အချိန်အတွင်း ရောက်ရှိသွားသည့် အဖြူနှင့် အပြာရောင် ပထမဆုံးကျည်ဆန်ရထား တစ်နာရီ မိုင် ၁၃၀ နှုန်းဖြင့် ဖြတ်သွားသည့် အခမ်းအနားကို ဧကရာဇ်ဟီရိုဟီတို တက်ရောက်ခဲ့သည်။
တံတားပေါင်း ၃၀၀၀၊ ဥမင်လိုဏ်ခေါင်း ၆၇ ခုနှင့် အတတ်နိုင်ဆုံး မျဉ်းကွေးများ ဖျောက်ထားသော အသစ်စက်စက် အထူးအမြန် ခရီးသည်တင်ရထားလမ်းပေါ် ရထားပြေးဆွဲခြင်းမှာ နိုင်ငံတကာအားကစား ပွဲတော်အတွက် သီးသန့်တစ်ကြိမ်တစ်ခါ လုပ်ငန်းမဟုတ်ပါ။ တိုကိုင်းဒိုးရှင်ကန်ဆန်ရထားလမ်းမှာ ကမ္ဘာ့ အမြန်ဆုံး အဆင့်အမြင့်ဆုံးရထားလမ်း ဖြစ်လာရုံသာမက အသုံးချမှုအများဆုံး ရထားလမ်းလည်း ဖြစ် လာခဲ့သည်။
ယနေ့ဆိုလျှင် နောက်ဆုံးပေါ် တွဲပေါင်း ၁၆ တွဲပါ ရှင်ကန်ဆန်ရထားများ တိုကျိုမြို့မှ အိုဆာကာမြို့သို့ သုံးမိနစ်ခြားတစ်စီး ထွက်နေပါသည်။ ရထားတစ်စီးလျှင် ခရီးသည် ၁၃၂၃ ဦး သက်သောင့်သက်သာ လိုက်ပါနိုင်ပြီး အမြန်နှုန်းမှာ တစ်နာရီ ၁၆၈ မိုင် (၂၇၀ ကီလိုမီတာ)ဖြစ်သည်။ ယမန်နှစ်မှစ၍ နှစ်ပေါင်း ၅၀ အတွင်း တိုကျိုနှင့် အိုဆာကာကြား ခြောက်ခုမြောက်ဖွင့်လှစ်ခဲ့သည့် အမြန်ရထားလိုင်းဖြစ်သည်။
တိုဟူကုရှင်ကန်ဆန်လိုင်းမှ ရထားများ ဂျပန်နိုင်ငံ၏ တောင်ထူထပ်သော မြေမျက်နှာသွင်ပြင်ပေါ် တစ်နာရီ ၁၉၉ မိုင်နှုန်း (၃၂၀ ကီလိုမီတာ)ဖြင့် ဖြတ်သန်းသွားနေသည်။ ဂျပန်နိုင်ငံ၏ နာမည်ကျော် ကျည်ဆန်ရထား များသည် ဂျပန်မြို့ကြီးများကြား ပြည်တွင်းလေကြောင်းပြေးဆွဲမှုများကို အပိုဖြစ်သွားစေခဲ့သည်။
ကျည်ဆန်ရထားများမှာ အလွန်မြန်၊ ကြိမ်နှုန်းစိတ်၊ ပြောင်လက်သန့်ရှင်း၍ စက္ကန့်ပိုင်းအထိ တိကျရုံသာမက အကွာအဝေးတူသွားလာသော ကားများထက် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ၁၆ ရာခိုင်နှုန်းသာ ရှိသည်။ လွန်ခဲ့သောနှစ်ပေါင်း ၅၀ ဘုရင်ဟီရိုဟီတို လက်ပြဝှေ့ယမ်းခဲ့သော ပထမဆုံးရထားမှသည် ယခုအချိန်အထိ ယင်းရထားလမ်းပေါ်တွင် လူအသေအပျောက်မရှိခဲ့။ ယင်းကာလအတွင်း ရထားနှစ်စီး လမ်းချော်ခဲ့သည်။ တစ်စီးမှာ ၂၀၀၄ ခုနှစ် မြေငလျင်လှုပ်ခတ်ချိန်ကဖြစ်၍ နောက်တစ်စီးမှာ ယမန်နှစ် ထူထပ်စွာနှင်းကျချိန်က ဖြစ်သည်။ ယင်းမှလွဲ၍ ရှင်ကန်ဆန်ရထားလိုင်း၏ ဘေးကင်းလုံခြုံမှုမှာ မပျက်မယွင်းပင်။
ပထမဆုံးထုတ်လုပ်သော ရှင်ကန်ဆန်ရထားများ၏ ရှည်မျောမျောရထားခေါင်းပုံသဏ္ဌာန်ကို အစွဲပြု ၍ ခေါ်ဝေါ်ခဲ့သော ဂျပန်ကျည်ဆန်ရထားများမှာ ထိုစဉ်က ပြေးဆွဲနေသော ကမ္ဘာ့အဓိကရထားလိုင်းများ ကို ခေတ်ဟောင်းသို့ ပို့ပစ်ခဲ့သည်။ နောက်ပိုင်းတွင် ပြင်သစ်နိုင်ငံမှ မြန်နှုန်းမြင့် TGV ရထားများ၊ ဂျာမနီမှ ICE ရထားများ၊ အီတလီမှ Pendolinos ရထားများ ပေါ်ထွက်ရေးစေ့ဆော်ခဲ့သည်။ အဆိုပါရထားများသည် ကျည်ဆန်ရထားများထက် နှစ်ပေါင်းများစွာ နောက်ကျမှ ပေါ်လာခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာ့စစ်အပြီး ၁၉၄၅ ခုနှစ်က နိုင်ငံရေးနှင့် စစ်ရေးပြိုလဲမှု ဖြစ်ပေါ်ပြီးနောက် စီးပွားရေးနှင့် ယဉ်ကျေးမှု ပြန်လည်ထူထောင်ရေး အလွန်ထူးခြားသော နှစ်ပေါင်း ၂၀ အတွင်း ရထား နည်းပညာတိုးတက်မှုလည်း တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့သည်။ ရှင်ကန်ဆန်ရထားလိုင်း ဖွင့်လှစ်ခြင်းနှင့် ၁၉၆၄ ခုနှစ် တိုကျိုအိုလံပစ်ဖွင့်လှစ်ကြောင်း ကြေညာပြီး ရေဒီယိုပေါ်မှ ဧကရာဇ်ဟီရိုဟီတို နိုင်ငံသို့ စကားပြောခြင်း မှာ ဟီရိုရှီးမားနှင့် နာဂါစကီမြို့ပေါ် အဏုမြူဗုံးကြဲခံရပြီး စစ်ပွဲက ဂျပန်အတွက် အသာစီးမဖြစ်ပေါ်စေခဲ့ ဟု ပြောကြားခဲ့ပြီးနောက် ဘုရင်ဟီရိုဟီတို၏အသံကို ဂျပန်နိုင်ငံသားများ တစ်ဖန်ပြန်ကြားရခြင်းဖြစ်သည်။
၁၉၆၄ ခုနှစ် အိုလံပစ်ပြိုင်ပွဲသို့ လာရောက်သော ဧည့်သည်များမှာလည်း ရင်သပ်ရှုမောဖွယ်ရာ တစ်ကမ္ဘာ လုံး နောက်ကောက်ကျစေခဲ့သော ရထားများသာမက အဝေးပြေးလမ်းသစ်များ၊ မော်တော်ဆိုင်ကယ်၊ ရုပ်ရှင်ရုံများနှင့်အတူ နက်ရှိုင်းသော ယဉ်ကျေးမှုနှင့် ပြန်လည်စွမ်းအင်ပြည့်ဖြိုးနေသော နိုင်ငံကို မြင်တွေ့ ခဲ့ကြရသည်။
အံ့အားသင့်စရာ မကောင်းသည်ကတော့ ဂျပန်၏ ပထမဆုံး အဝေးပြေးရထားလမ်းသစ်မှာ အလွန်အကုန် အကျများခဲ့သည်။ မူလခန့်မှန်းထားသည်ထက် ၁၀၀ ရာခိုင်နှုန်း ကုန်ကျစရိတ် ပိုခဲ့သည်။ တကယ်တော့ ဂျပန်အမျိုးသား ရထားပို့ဆောင်ရေးဌာန ဥက္ကဋ္ဌနှင့် အင်ဂျင်နီယာချုပ် ဟီဒီယိုရှီးမားတို့မှာ ရာထူးမှ နုတ်ထွက် ခဲ့ရသည်။ ၎င်းတို့ ဖန်တီးခဲ့သည့် ကြီးကျယ်ခမ်းနားသော ရထားလမ်းဖွင့်လှစ်ချိန်တွင်လည်း နှစ်ဦးစလုံး ဖိတ်ကြားမခံခဲ့ရပေ။
၎င်းတို့၏ ကြီးမားသော စွန့်စားမှုနှင့် ဘဏ္ဍာရေးအလောင်းအစားမှာ ၁၉၅၆ ခုနှစ်တွင် စတင်ခဲ့ပြီး ထိုစဉ်က တိုကျိုနှင့် အိုဆာကာရထားလမ်းသစ်ကို ပုံစံထုတ်၍ အင်ဂျင်နီယာနည်းပညာအတွက် ရှီးမားကို ဖိတ်ခေါ်ခဲ့ သည်။ ရှီးမားတို့အဖွဲ့က အသစ်စက်စက် ရထားလမ်းကို မြေပြင်မှ မြှင့်တင်ခြင်း၊ လိုဏ်ခေါင်းဖောက်လမ်း များဖြင့် အဖြောင့်တန်းဆုံးလုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ရထားအဟောင်းများကိုလည်း လမ်းသစ်ပေါ် တွင် ပြေးဆွဲခွင့်မပေးခဲ့ပေ။
အင်ဂျင်နီယာချုပ်ရှီးမားက ရထားလမ်းတည်ဆောက်မှု ကုန်ကျစရိတ်များပြားခဲ့မှုကြောင့် အရာကျခဲ့သော် လည်း နောက်ပိုင်းတွင် ဂျပန်နိုင်ငံ အမျိုးသားအာကာသ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီကို ဦးဆောင်သူဖြစ် လာခဲ့သည်။ အင်ဂျင်နီယာဖြစ်ခါစ ရေနွေးငွေ့အင်ဂျင်များဖြင့် အလုပ်လုပ်ခဲ့သူတစ်ဦးအတွက် မဆိုးလှပေ။ ယနေ့ဆိုလျှင် ရှီးမားမှာ ရှင်ကန်ဆန်ရထားလိုင်းနှင့် ကမ္ဘာတစ်ဝန်း မှင်တက်ခဲ့ရသော ကျည်ဆန်ရထားများ ၏ ဖခင်အဖြစ် ဂုဏ်ပြုချီးကျူးခံရသည်။
ပထမဆုံးကျည်ဆန်ရထား စတင်ပြေးဆွဲချိန်မှစ၍ တိုကိုင်းဒိုးရှင်ကန်ဆန်ရထားလိုင်းမှာ ခရီးသည်ပေါင်း ၅ ဒသမ ၅ ဘီလီယံကို သယ်ယူပို့ဆောင်ပေးခဲ့ပြီးဖြစ်ကာ ရထားများ၊ ၀န်ဆောင်မှုများမှာလည်း ပိုကောင်းလာ ခဲ့သည်။ နောက်ဆုံးပေါ် E-5 နှင့် E-6 မျိုးဆက် ရထားများမှာ နှာတံအလွန်ရှည်လျားပြီး ဘီးများကိုဝှက် ထားသော အစိမ်းရောင်နှင့် အပြာရောင်စိုစို ဆေးခြယ်ထားသည့် အမြင်ဆန်လွန်းသော ရထားများ ဖြစ် သည်။ အခြားဂြိုဟ်တစ်ခုမှလာသော စက်ရုပ်ငါးရှဥ့်ကြီးများပုံစံ ရထားများမှာ သုံးမိနစ်အတွင်း ကီလိုမီတာ ၂၇၀ (၁၆၈ မိုင်) အမြန်နှုန်းကို ရောက်ရှိနိုင်ပြီး ၁၉၉ မိုင်နှုန်းအထိ မောင်းနှင်နိုင်သည်။ ရထားစီးရာတွင် ငြိမ့်ငြောင်းတိတ်ဆိတ်၍ တုန်ခါမှုလုံးဝမရှိပေ။
ဂျပန်တစ်နိုင်ငံလုံးမှာကဲ့သို့ပင် သန့်ရှင်းသော ရေအိမ်များနှင့် နောက်သို့လှန်ချနိုင်သောထိုင်ခုံများ ပါဝင် သည်။ စားစရာ၊ သောက်စရာများ ယူဆောင်လာသည့် အမျိုးသမီးဝန်ထမ်းများမှာလည်း သပ်သပ်ရပ်ရပ် ၀တ်စားကာ ချိုသာယဉ်ကျေးကြသည်။
ရှင်ကန်ဆန်ကွန်ရက်လည်း ဆက်လက်ကြီးထွားလာသည်။ နောက်ဆုံးပေါ် မျိုးဆက်ရထားများ မှာ လောလောဆယ်တွင် တောင်ပိုင်းကျွန်းများဖြစ်သော ဟွန်ရှူးနှင့် ကျူးရှူးကျွန်းများပေါ်တွင် သာ ပြေးဆွဲသည်။ ၂၀၁၆ ခုနှစ်တွင် ပင်လယ်ရေအောက်ကြမ်းပြင် ဥမင်လိုဏ်ခေါင်းမှတစ်ဆင့် မြောက် ပိုင်းဟော့ကိုင်းဒိုးကျွန်းသို့ပါ ပြေးဆွဲမည်ဖြစ်ကာ ၂၀၃၅ ခုနှစ်တွင် ဆက်ပိုရိုကျွန်းသို့ပါ ရောက်ရှိမည်ဖြစ် သည်။ ထိုအချိန်တွင် တိုကျိုမှ အိုဆာကာသို့ သံလိုက်စက်ကွင်းဖြင့် ကြွတက်၍ တစ်နာရီ ကီလိုမီတာ ၅၀၀ (၃၁၁ မိုင်)ဖြင့် ပြေးဆွဲမည့် ချူအိုရှင်ဆန်ကန်ရထားလိုင်းသစ် တည်ဆောက်ပြီးစီးနေလောက်ပြီဖြစ်သည်။
Ref: Japan’s Shinkansen: Revolutionary design at 50
7day
_3.jpg)
မှတ်ချက်များ