တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်အတွင်း နေရာအနှံ့ တွင် ဇွန်လအတွင်းက လက်ပ်တော့၊ အိုင်ဖုန်း ကဲ့သို့သော အီလက်ထရွန်နစ်ပစ္စည်း အတုများကို လိမ်ရောင်းသည့် နိုင် ငံခြားသား အသွင်ယူ ထားသည့် တရုတ်စကားပြော အမျိုး သားတစ်ဦး ယခုလဆန်းပိုင်းတွင် မြိတ်မြို့ပေါ်ရှိ ရပ်ကွက် များတွင် လိုက်လံရောင်း ချနေကြောင်း ပစ္စည်းအတု ဝယ်ယူ မိသူများနှင့် မြိတ်မြို့ခံ အချို့ထံမှ သိရသည်။
တရုတ်လူမျိုးအသွင် ယူထားသူ အမျိုးသားသည် ရန်ကုန်ပြန်ရန် လမ်းစရိတ် ငွေ ၃၀၀၀၀ ကျပ်ခန့်သာ ရှိပြီး လေယာဉ်လက်မှတ်ဝယ်ယူရန် ပိုက်ဆံ မလောက်ဟု ဆိုကာ ဒေါ်လာ ၁၀၀၀ ကျော်တန် နုတ်ဘုတ် ကို ငွေကျပ် သုံးသိန်းဖြင့်သာ ရောင်းမည်ဟု ပြောလာ၍ သနားသဖြင့် မိမိတွင်ရှိသော ငွေတစ်သိန်းခွဲဖြင့် တန်ဖိုးဖြတ်ပြီး ဝယ်ယူခဲ့ရခြင်း ဖြစ်သည်ဟု ကန်ခေါင်းရပ်ကွက်နေ အသက် ၃၀ ခန့်ရှိ ပစ္စည်းအတုဝယ်မိခဲ့သူ အမျိုးသား တစ်ဦးက ပြောကြားသည်။
“တရုတ်နိုင်ငံထုတ် ဆိုနီအမျိုးအစား နုတ်ဘုတ်တစ်လုံးကို ငွေတစ်သိန်း ခွဲနှင့် ဝယ်ယူခဲ့ပြီး နောက်မှ အတု မှန်း သိရတယ်” ဟု အထက်ပါပစ္စည်းအတု ဝယ်ယူခဲ့မိသူက ပြောပြသည်။
ထားဝယ်မြို့နယ်အတွင်း နေရာအနှံ့တွင် ရောင်းချစဉ်ကလည်း အလားတူ အကြောင်းပြချက် ဖြစ်သည့် လမ်းစရိတ် မလောက်င ဟူသည့် အကြောင်းပြချက်ကို ပြောဆိုခဲ့သည်။
တရုတ်လူမျိုးဟု ယူဆရသူ အမျိုးသားတစ်ဦးက လိုက်လံရောင်းချနေသည်ဟု ဆိုသော်လည်း အဖွဲ့အ စည်းဖြင့် လုပ်ကိုင်နေခြင်း ဖြစ်နိုင်ကြောင်း ထားဝယ်မြို့ပေါ်ရှိ ဖုန်းဆိုင်များက သုံးသပ်သည်။
သို့သော် မြိတ်တွင် လိုက်ရောင်းနေသည့် အမျိုးသားနှင့် ထားဝယ်တွင် လိုက်ရောင်းသည့်သူ တစ်ဦးတည်း ဟုတ် မဟုတ်၊ အဖွဲ့အစည်းဖြင့် ဟုတ်မဟုတ်၊ ဒေသခံများထင်သကဲ့သို့ နိုင်ငံခြားသား ဟုတ်မဟုတ်ကိုမူ အတည်မပြုနိုင်သေးပေ။
အဆိုပါ ပစ္စည်းလိမ်ရောင်းသူသည် မြန်မာစကားတစ်ခွန်း နှစ်ခွန်းသာ ပြောတတ်ပြီး တရုတ်နိုင်ငံသား မျက်နှာပေါက်၊ ခန္ဓာကိုယ်သွယ်သွယ်၊ အရပ် အနည်းငယ် ရှည်ပြီး ကတုံးဆံတောက် ပုံစံဖြင့်ဟု မျက်မြင်တွေ့ ရှိခဲ့သူအချို့နှင့် ပစ္စည်းအတု ဝယ်ယူမိသူတို့က ပြောသည်။ သို့သော် ထားဝယ်မြို့ပေါ်တွင် ရောင်းစဉ်က အင်္ဂလိပ်ဘာသာစကားဖြင့် ပြောသည်ဟု သိရသည်။
အဆိုပါ ပစ္စည်းအတုရောင်းသူသည် ရပ်ကွက်ထဲတွင်သာ လှည့်လည် ရောင်းပြီး ကွန်ပျူတာဆိုင်များ တွင်မူ လာရောက်ရောင်းချခြင်း မရှိဟု ကွန်ပျူတာ ဆက်စပ်ပစ္စည်း အရောင်းဆိုင်အချို့က ပြောသည်။
အလားတူ မြိတ်တောင်နယ်မြေ မြို့သစ်ရပ်ကွက် တွင်လည်း လက်ပ်တော့ အတုများကို လိုက်လံရောင်း ချနေသည်ဟု မျက်မြင်တွေ့ရှိခဲ့သူ တချို့က ပြောပြသည်။
ထားဝယ်ခရိုင်အတွင်း လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ထားဝယ် မြို့နယ် အတွင်းရှိ ရပ်ကွက် ကျေးရွာအချို့တွင် ပြီးခဲ့သည့်အပတ်က အိုင်ဖုန်းနှင့် လက်ပ်တော့ အတုများကို အပြန်လမ်း စရိတ်မရှိဟု ဆိုကာ အလားတူ ရောင်းချမှု မျိုးရှိခဲ့ပြီး မွန်ပြည်နယ် တွင်လည်း ယင်းသို့ ရောင်းချခဲ့ဖူးသည်။
Dawei Watch

မှတ်ချက်များ