မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက်မှ အလိုအလျောက် မီးထတောက်သည့် အ၀တ်အထည်များအား ဓာတ်ခွဲစမ်းသပ်၍ မရဟုသိရ


မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက်၊ အမှတ် (၃) လမ်း အိမ်အမှတ် (၁၅၇) ရှိ နေအိမ်တစ်အိမ်မှ အလို အလျောက် မီးထလောင်သည့် အ၀တ်အထည်အချို့အား ဓာတ်ခွဲခန်း ပို့ဆောင်ခဲ့သော်လည်း ဓာတ်ခွဲ စမ်းသပ်မရခဲ့ကြောင်း မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက်ရှိ အမှတ် (၃) ရဲစခန်းမှူး ရဲအုပ်လေးအောင် ပြော ကြားချက်အရ သိရသည်။

“ကျွန်တော်တို့ ဒီမီးထတောက်တဲ့ နေအိမ်က အ၀တ်အထည်၊ ခေါင်းအုံးစတဲ့ သက်သေခံပစ္စည်း လေးငါးခုကို မိတ္ထီလာနဲ့ မန္တလေးတက္ကသိုလ် ဓာတ်ခွဲခန်းကို ပို့စစ်ခဲ့ပါတယ်။ သူတို့ရဲ့ အဖြေကတော့ စစ်ဆေးလို့ မရပါဘူး။ ဒါမျိုးကို ရန်ကုန်မှာတောင် ဓာတ်ခွဲစစ်ဆေးလို့ မရနိုင်ဘူးလို့ အကြောင်းပြန်လာပါတယ်။ အခုတော့ အဲဒီအိမ်က ဘာမှထူးထူးခြားခြား မဖြစ်တော့ပါဘူး” ဟု မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက်ရှိ အမှတ်(၃)စခန်း မှူးရဲအုပ်လေးအောင်မှ ဇူလိုင် ၃ ရက်က ပြောကြားခဲ့သည်။

မိတ္ထီလာမြို့ ပြည်သာယာ ရပ်ကွက် (၃) လမ်း အိမ်အမှတ် (၁၅၇) မှာ နေပြည်တော်၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးခင်စိန် (ဒုဗိုလ် မှူးကြီး-ငြိမ်း) နှင့် ဇနီး ဒေါ်မြင့်မြင့်မေ၏ ညီမ ဒေါ်မြင့်မြင့်စိုး အသက် (၄၈) နှစ် နေထိုင်သူဖြစ်ပြီး မိသားစုဝင် လေးဦး နေထိုင် ကာ ယခင်လပိုင်းကလည်း ခြိမ်းခြောက်ငွေတောင်း သည်ဆိုကာ ရဲစခန်းသို့ အကြောင်းကြားမှု ဖြစ်ပွားခဲ့ သည်။ မေ ၃၀ ရက်တွင် ကိုးကြိမ်၊ မေ ၃၁ ရက်တွင် လေးကြိမ်၊ ဇွန် ၁ ရက်တွင် တစ်ကြိမ်၊ ဇွန် ၂ ရက် တွင် နှစ်ကြိမ် အ၀တ်အထည်၊ ခေါင်းအုံးစသော ပစ္စည်းများမှ အလိုအလျောက် မီးထတောက်မှု ဖြစ်ပေါ်ခဲ့ သဖြင့် ရပ်ကွက်နေပြည်သူများမှ လာရောက်ကြည့်ရှုခြင်းများ၊ အုပ်ချုပ်ရေးပိုင်းက လာရောက်စောင့် ကြည့်ခြင်းများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့တို့မှ စောင့်ကြည့်လုံခြုံရေး ရယူခဲ့ရခြင်းများ ဖြစ်ပေါ်ခဲ့ရကြောင်း သိရသည်။

Eleven Media

မှတ်ချက်များ