ဆုံးဖြတ်ချက်တွေမှန်ရဲ့လား
အထက်မြန်မာပြည် ရုံးကြီးတစ်ရုံး၏ စီမံခန့်ခွဲရေးဌာနခွဲတွင် ဖြစ်ပါတယ်။ ၎င်းဌာနခွဲတွင် တာဝန်ထမ်းေ ဆာင်နေသော ဦးစီးအရာရှိတစ်ဦးသည် အလွန်အရေးပါသောသူတစ်ယောက် ဖြစ်ပါသည်။ အရေးပါ သူဟုဆိုရခြင်းမှာ ၎င်းဌာနသို့ရောက်ရှိလာသော တိုင်စာ၊ ပစ်စာများ၊ ဌာနကင်းကွာအမှုတွဲများ၊ ပင်စင် အမှုတွဲများကို ရုံးတွင်းစာအကျဉ်းချုပ်ဖြင့် အထက်လူကြီးထံသို့ မနားတမ်းရေးသားတင်ပြနေရသဖြင့် အရေးပါသူဟု တင်စားခေါ်ဝေါ်ခြင်းသာဖြစ်ပါသည်။ အရေးပါသော်လည်း အရာရောက်သူမဟုတ်ပါ။ အထက်လူကြီး၏ အော်ဟစ်ငေါက်ငမ်းဆူပူကြိမ်းဝါးမှုအောက်တွင် စိတ်ပျက်အားငယ်စွာ ထမ်းဆောင် နေသူဖြစ်ပါသည်။
အထက်လူကြီးက ဆုံလည်ကုလားထိုင်ကို ဘယ်ညာရမ်း၍ မျက်စိစုံမှိတ်ပြီး နားထောင်နေပါသည်။ ကျန်လူများက မျက်နှာချင်းဆိုင်စားပွဲတွင် ထိုင်လျက်တုတ်တုတ်မျှမလှုပ်ရဲကြ။ ဦးစီးအရာရှိက အထက် အရာရှိကြီးထံ ပင်စင်အမှုတွဲအားဖတ်ကြား ရှင်းလင်းတင်ပြပါသည်။
အမှုတွဲ (၁)
‘ဒီအမှုတွဲက လုပ်သက်ပြည့်ပင်စင်ပြလာတာပါဆရာ၊ အသက် (၅၈) နှစ်၊ စုစုပေါင်းလုပ်သက် (၃၈) နှစ်၊ ရာထူးက အထက်တန်းကျောင်းအုပ်ဆရာမကြီးပါ’
‘လုပ်သက် (၃၈) နှစ်ရှိတိုင်း ခွင့်ပြုရမှာလားကွ’
‘ကျန်းမာရေးက မကောင်းဘူး။ လေဖြတ်ပြီး မတ်တတ်မရပ်နိုင်လို့ပါ’
‘သူတို့ပြောတိုင်းယုံရမှာလားကွ’ အရာရှိကြီးက ခေါင်းဆတ်၍ ဆုံးဖြတ်ချက်ချလိုက်သည်။
‘ခိုင်မာတဲ့ ဆေးလက်မှတ်အထောက်အထား တောင်းထားလိုက်၊ နောက်မှစဉ်းစားမယ်’
‘ဟုတ်ကဲ့ပါ အဘ’ မည်သူမျှ ဆက်မပြောရဲတော့ပါ။
အမှုတွဲ (၂)
ဦးစီးအရာရှိက ဒုတိယပင်စင်အမှုတွဲကို ဆက်လက်တင်ပြပါသည်။
‘ဒီအမှုတွဲက ဆေးပင်စင်တင်ပြလာတာပါ’
‘ဘယ်သူလဲကွ’
‘အထက်တန်းပြဆရာမ ဒေါ်နုနုစန်းပါ။ လုပ်သက်က (၁၅) နှစ်၊ အသက်က (၃၅) နှစ်၊ ရောဂါက သွေး တိုးပါ’
‘ဆေးလက်မှတ်ထောက်ခံစာပါလား’
‘ပါ ပါတယ်အဘ’
‘အေး . . . ခွင့်ပြုလိုက်ပါကွာ။ သွေးတိုးဆိုတာ အချိန်မရွေးအသက်အန္တရာယ်ဖြစ်နိုင်တယ်။ တစ်နေ့က ပဲငါ့ကိုလာတွေ့သွားတယ်။ သနားစရာပါကွာ’
နောက်ထပ်ဘာမျှ တင်ပြစရာမလိုပါ။ လွယ်လွယ်လေးခွင့်ပြုလိုက်ပါသည်။
ပင်စင်အမှုတွဲများ တင်ပြပြီးဖြစ်၍ ဌာနကင်းကွာဝန်ထမ်းများ၏ အမှုတွဲများကိုဆက်လက်ဆုံးဖြတ်ကြပါ သည်။ ဦးစီးအရာရှိက တတိယအမှုတွဲကိုတင်ပြပါသည်။
အမှုတွဲ (၃)
‘စစ်ကိုင်းတိုင်းလဟယ်မြို့နယ် အမက (–)က မူလတန်းပြဆရာမ ဌာနကင်းကွာ သုံးလဖြစ်နေတဲ့ကိစ္စ ပါ’
‘ဘာဖြစ်လို့ ကင်းကွာတာလဲကွ’
‘ငှက်ဖျားဖြစ်နေလို့ပါ’
‘တော်တော်တာဝန်မဲ့နေကြတာပဲ။ ခွင့်မတိုင်တဲ့အတွက် ဝန်ထမ်းစည်းမျဉ်း စည်းကမ်းမလိုက်နာသူဖြစ် လို့ ထုတ်ပယ်လိုက်ကွာ’
‘ဟုတ်ကဲ့ပါ အဘ’
အမှုတွဲ (၄)
စတုတ္ထအမှုတွဲကို ဆက်လက်တင်ပြပါသည်။
‘ကျွန်တော်တို့ ရုံးချုပ်က ဝန်ထမ်းတစ်ဦး တစ်နှစ်ကျော် ဌာနကင်းကွာဖြစ်နေတဲ့ကိစ္စပါ’
‘ရုံးချုပ်မှာနေပြီး တော်တော်အသုံးမကျတဲ့ ကောင်တွေ၊ ဘယ်သူလဲကွ’
‘ဦးမြင့်ဝင်းပါ’
‘ဘယ်မြင့်ဝင်းလဲကွ’
‘အဘတူ မြင့်ဝင်းပါခင်ဗျာ’
‘ဟေ . . . . ဒီကောင့်နေရာက အရေးကြီးတယ်ကွ၊ ထုတ်ပယ်လို့မဖြစ်သေးဘူး။ ငါကိုယ်တိုင်ဒီကောင့် ကိုဆုံးမလိုက်မယ်’
‘ဟုတ်ကဲ့ပါ အဘ’
ဦးစီးအရာရှိအပါအဝင် စိတ်မပါဘဲ ဟန်ဆောင်ပြုံးပြပြီး ခေါင်းညိတ်နေရသူများအတွက် မျက်နှာ ညောင်းလှပါတော့သည်။
စံတော်ချိန်သတင်းစာ

မှတ်ချက်များ