မြန်မာ့ရုပ်ရှင် ကျဆုံးနေတဲ့အချိန်မှာ မော်ဒန်ရာဇဝင်ရုပ်ရှင်ဇာတ်ကားရိုက်ရဲတဲ့ ပရိုဂျူဆာကို အသိအမှတ်ပြုရမှာလို့ ဆိုတဲ့ အကယ်ဒမီ ခန့်စည်သူ


သရုပ်ဆောင်အကယ်ဒမီ ခန့်စည်သူကို မော်ဒန်ရာဇဝင်ရုပ်ရှင်ဇာတ်ကားPress ရှိုးမှာတွေ့ဆုံခိုက် ယင်းဇာတ် ကားအကြောင်းအရာနဲ့ ပတ်သက်ပြီး မေးမြန်းဖြစ်ခဲ့တာကတော့

ကိုခန့်အနေနဲ့ ဒီမော်ဒန်ရာဇဝင်ရုပ်ရှင်ဇာတ်ကားအပေါ်မှာ ဘယ်လိုထင်မြင်ချက်ရှိသလဲ။

ဇာတ်ကားနဲ့ပတ်သက်ပြီး ခြုံငုံပြီး ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့ မြန်မာ့ရုပ်ရှင်က ကျဆုံးနေပြီ။ ရုပ်ရှင်ရုံတွေကလည်း ပျောက်ဆုံးနေပြီ။ အဲဒီ့အပြင် ရုပ်ရှင်ရုံမှာ လာကြည့်မယ့် ပရိသတ်ကလည်း မရှိ သလောက်ဖြစ်သွားပြီလေ။ ရုပ်ရှင်ထုတ်လုပ်သူတွေကလည်း လက်ချိုး ရေလို့ရသွားပြီ။ ဒီလိုအချိန်မှာမှ ဒီလိုဇာတ်ကားမျိုးကိုရိုက်တဲ့ ပရိုဂျူဆာကိုအသိအမှတ်ပြု ရမှာပေါ့။

ဘာဖြစ်လို့လဲဆိုရင် ဒီဇာတ်ကားမှာပါဝင်တဲ့ သရုပ်ဆောင်အင်အားကလည်း တောင့်တောင့် တင်းတင်း သုံးထားတယ်။ နောက်တစ်ခု ဒီလိုအခြေအနေ အချိန်မျိုးမှာ ဘယ်သူမှ မစဉ်းစားရဲတဲ့ animation ကို လည်း ငွေကုန်ကြေးကျခံပြီး သုံးထားတဲ့အတွက် လာကြည့်မယ့် ပရိသတ်က အရင် ဟာသကားတွေ လိုမျိုးမဟုတ်တဲ့ animation ပေါင်းစပ်ထားတဲ့ ဟာသကားဖြစ်တဲ့အတွက် ပရိသတ် အမြင်ဆန်းမယ်လို့ ယုံကြည်ပါတယ်။

ကိုခန့်အနေနဲ့ ဒီမော်ဒန်ရာဇဝင် ရုပ်ရှင်ဇာတ်ကားမှာ ဇာတ်ရုပ်နှစ်မျိုး သရုပ်ဆောင်ရတာဆိုတော့ ဒီဇာတ် ရုပ်နဲ့ ပတ်သက်ပြီး ဘယ်လိုကြိုးစားခဲ့ရပါသလဲ။

ဒါကတော့ ဒါရိုက်တာရဲ့စီစဉ်ညွှန်ကြားမှု အောက်မှာပဲ လှုပ်ရှားပြီး သရုပ်ဆောင်ခဲ့တာပါ။ တစ်ဘက်က မြို့ စားမင်းကြီးပေါ့။ တစ်ဘက်မှာက သူခိုးတစ်ယောက်ပေါ့။ အဲဒီ့မှာမှ ဆေးစားမှားပြီး အခြောက်ဖြစ် သွားတဲ့ ပုံစံမျိုး လည်းသရုပ်ဆောင်ခဲ့ရတယ်ဆိုတော့ ကျေနပ်အားရပါတယ်။

မော်ဒန်ရာဇဝင်ဆိုတဲ့ ဟာသရုပ်ရှင်ဇာတ်ကားကြီးထဲမှာ အိုဗာအိုက်တင်ပုံစံမျိုးတွေ လုပ်ထားတာ တွေ့ရ တယ်ဆိုတော့ ပရိသတ်တွေရဲ့အမြင်အရ ဝေဖန်ခံရမှာ ပတ်သက်ပြီးဘယ်လို မြင်မိသလဲ။

ကျွန်တော်တို့က ဟာသကားတွေ ရိုက်နေကျဆိုတော့ အိုဗာလုပ်မှရတဲ့ ဟာသကားတွေရှိသလို၊ ခက်ခဲတဲ့ ဟာသတွေလည်းရှိတယ်။ ဘာမှမလုပ်ရပဲနဲ့ပရိသတ်က သဘောကျတဲ့ဟာသ ရှိတယ်လေ။ ဒါကိုပဲခွဲခြားပြီး နားလည်ဖို့လိုပါတယ်။

ဒီမော်ဒန်ရာဇဝင်ဇာတ်ကားနဲ့ပတ်သက်ပြီး ဘယ်လောက်ထိမျှော်မှန်းထားမိသလဲ။

ခုနကပြောသလိုပေါ့နော်။ animation သုံးပြီးရိုက်ထားတဲ့ဟာသကား က မြန်မာနိုင်ငံမှာမရှိပါဘူး။ အဲဒီ့အတွက် ပရိသတ်ကြည့်ရကျိုးနပ်မှာပါ။

လတ်တလော အနုပညာလှုပ်ရှားမှုလေးကိုလည်းသိပါရစေ။

ဒါရိုက်တာကိုသိန်းဟန်(ဖီးနစ်)နဲ့ ရိုက်နေပါတယ်။ ဇာတ်ကားနာမည်ကတော့ လေသေနတ်။ မင်းသမီးကတော့ စံရတီမိုးမြင့်ပါ။

နောက်ပိုင်းမှာ ပရိသတ်အတွက် ဘယ်လိုအသစ်အဆန်းပုံစံမျိုးတွေ ချပြသွားမယ်လို့စဉ်းစားထားလဲ။

အခုလောလောဆယ်မှာတော့ လူတွေအကုန်လုံးက နိုင်ငံရေးပဲ စိတ်ဝင်စားတာ။ နောက်ပိုင်းရိုက်သွားရင် လူတစ်ဦးတစ်ယောက်ကို ပုဂ္ဂိုလ်ရေး အရ ထိုးနှပ်စော်ကားတာမျိုး မဟုတ်တဲ့ ကျောင်းတွေပိတ်လိုက်ရ တာတွေ၊ အဲဒီလိုပုံစံအနေအထားမျိုး ဖြစ်ပျက်နေတဲ့ အကြောင်းအရာ ပုံစံမျိုးတွေ ရိုက်ချင်ပါတယ်။

အခုဆိုရင် လက်ရှိမြန်မာနိုင်ငံမှာရုပ်ရှင်ရုံတွေ ပေါ်ထွက်လာတာနည်းနေပါသေးတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကိုခန့်ရဲ့အမြင်လေးသိချင်ပါတယ်။

အဓိက ဖြစ်ချင်စေချင်တာကတော့ ရုပ်ရှင်ရုံတွေသာတစ်ရုံပြီးတစ်ရုံပျောက်သွားတယ်။ အဲဒီ့ပျောက်သွားတဲ့ ရုပ်ရှင်ရုံနေရာတွေမှာ အစိုးရက တစ်ခါမှအစားထိုးပေးပြီး ပြန်ဆောက် ပေးတယ်ဆိုတာမျိုး မကြားဖူးသေး ပါဘူး။ ဖြစ်သင့်ဖြစ်ထိုက်တာကတော့ တကယ့်Shopping Center လိုနေရာတွေမှာ ရုပ်ရှင်ရုံတွေ အများကြီးရှိသင့်ပါတယ်။ အစိုးရက မြေသိမ်းတယ်။ လှူလိုက်တယ်။ ဒီ့ပြင် အဆောက်အဦးတွေဖြစ် လာတယ်။ ဘယ်တော့မှ ရုပ်ရှင်ရုံဆိုပြီးအစားပြန်မရခဲ့ပါဘူး။

အဲဒီလိုမျိုးတွေဖြစ်နေတာနဲ့ ပတ်သက်ပြီး ကိုခန့်တို့ ရုပ်ရှင်လောကအတွက် ဘယ်လောက်ထိ အားနည်းစေ တယ်လို့မြင်မိသလဲ။

ကျွန်တော်တို့ရုပ်ရှင်လောကအတွက် ၉၉.၉၉ရာခိုင်နှုန်းလောက်ထိကို အားနည်းစေပါတယ်။

စန္ဒီ | Trend Myanmar

မှတ်ချက်များ