မွေးရာပါ ခြေထောက်သုံးချောင်း ပါရှိသည့်မိန်းကလေးငယ် ခြေထောက် နှစ်ချောင်း ဖယ်ရှား ခံရမည်
ပနားမားနိုင်ငံမှ အသက်၂ လ အရွယ်ရှိ မွေးရာပါ ခြေထောက်သုံးချောင်း ပါရှိသည့် မိန်းကလေး တစ်ဦး ကို ခြေထောက် နှစ်ချောင်း ဖယ်ရှားရန် အတွက် လာမည့်လတွင် လော့စ်အိန်ဂျလိစ်မြို့ရှိ Shriner ကလေး ကုသရေး ဆေးရုံ၌ ခွဲစိတ်ကုသမှု တစ်ခု လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
အန်နာပေါလ်လာ အမည်ရှိ အဆိုပါ မိန်းကလေးသည် လွန်ခဲ့သော နှစ်လအတွင်းက ခြေထောက်သုံးချောင်း ၊ ကျောက်ကပ်သုံးခု၊ မျိုးပွားအင်္ဂါသုံးခု တို့နှင့်အတူ အမြွှာ မွေးဖွားခဲ့ခြင်း ဖြစ်သည်။
သို့ရာတွင် ၎င်း၏ အမြွှာညီမ ဖြစ်သူမှာ ရက်သတ္တသုံးပတ် အကြာတွင် သေဆုံးသွား ခဲ့ကြောင်းနှင့် ယင်းကဲ့ သို့ ဖြစ်ရပ်မျိုးသည် ဆေးပညာပိုင်း ဆိုင်ရာအရ ကြုံတောင့်ကြုံခဲ ဖြစ်ရပ်ဖြစ်ကြောင်း KTLA သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ ထို့ပြင် အန်နာသည် ခြေထောက်သုံးချောင်း ပါရှိသော်လည်း သူမ၏ အလယ်ခြေထောက်နှင့် ညာဘက်ခြေထောက် တွင် ဒူးနှင့်ခြေမျက်စိ မပါရှိခြင်းကြောင့် ဆရာဝန်များက ယင်းခြေနှစ်ချောင်းကို ဖြတ်၍ အစားထိုး ကုသရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
ယင်းကဲ့သို့ ခွဲစိတ်ကုသမှု ပြုလုပ်ပြီးပါက သူမအနေဖြင့် ချိုင်းထောက် အသုံးပြု၍ လမ်းလျှောက်ရ မည် ဖြစ်ကြောင်းနှင့် အခြားအာရုံကြောနှင့် ပတ်သက်သည့် ဆေးဝါး ကုသမှုများကိုလည်း ခံယူရဖွယ် ရှိကြောင်း ခွဲစိတ်ကု ဆရာဝန် တစ်ဦးက ပြောကြားခဲ့သည်။
ယခုအခါ အဆိုပါ မိန်းကလေး၏ ဆေးကုသမှုစရိတ် အတွက် ကယ်လီဖိုးနီးယား ကလေး ဆေးရုံနှင့် children of war ဖောင်ဒေးရှင်း က ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မှတ်ချက်များ