ကျောက်မျက်အတုအစစ်ခွဲခြားသည့် ဓာတ်ခွဲခန်းရလာဒ်များ မတိကျမှုကြောင့် ကျောက်သမားများ အခက်ကြုံနေရဟုဆို


ကျောက်မျက် အတုအစစ် ခွဲခြားသည့် ဓာတ်ခွဲခန်း ရလာဒ်များ မတိကျမှုကြောင့် မန္တလေးမြို့ အခြေစိုက်
ကျောက် သမားများ အနေဖြင့် ကျောက်မျက် ရောင်းဝယ်ရာတွင် အခက်အခဲ ကြုံတွေ့ရလျက်ရှိသည်ဟု တညီတညွှတ်တည်း ပြောသည်။

ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မန္တလေး)အတွင်းရေးမှုး ဦးသိုက်ထွန်းက ဓာတ်ခွဲခန်း ရလာဒ် များ မတူညီမှုကြောင့် ရောင်းဝယ်သူများ အနေဖြင့် သံသယဖြစ်ဖွယ်ကိစ္စများ ကြုံတွေ့ရသည်မှာ မဖြစ်သင့်ပဲ ဓာတ်ခွဲခန်းများ အနေဖြင့် ရလာဒ်တူညီရန်လိုအပ်ကြောင်း၊ စမ်းသပ်စစ်ဆေးပေးသည့် ဓာတ်ခွဲခန်းများသည် လည်း အဖြေကိုတိတိကျကျထုတ်ပေးနိုင်ရန်လိုအပ်သည်ဟု အကြံပြုပြောဆိုသည်။

“ဒီကဓာတ်ခွဲခန်းမှာ ကျောက်ကို သွားစစ်လိုက်တော့ ကျောက်စိမ်းအစစ်ဆိုပြီးအဖြေထွက်လာတယ်။ဒါနဲ့ ၁၈သိန်းနဲ့ ဝယ်လိုက်တယ်။ပြီးတော့ တရုတ်ပြည်ပို့လိုက်တော့ ဟိုက စက်တွေနဲ့ စစ်လိုက်တဲ့အခါ အတု ဆိုပြီး ပြန်ပို့လိုက်တယ်.စရိတ်ရှုံးတာပေါ့”ဟု ၎င်းကဆိုသည်။

မိမိကိုယ်တိုင်သွေးထားသည့် ကျောက်စိမ်းအား နှစ်ဘက်ဈေးတည့်သဖြင့် စရံယူထားပြီးနောက် ဝယ်ယူသူမှ သိန်းထိုက်လင်းဆိုသည့် ဓာတ်ခွဲခန်းတွင် ၁၂.၈.၂၀၁၄က သွားရောက်စစ်ဆေးကြည့်ရာ ဥဒေါင်အမျိုးအ စားဖြစ်သည်ဟု အဖြေထုတ်ပေးလိုက်သည့်အတွက် ဝယ်ယူသူနှင့်မျက်နှာပျက်ရကြောင်း၊သို့ဖြင့် ယင်း
ကျောက် အား ၁၃.၈.၂၀၁၄တွင် MGA ဓာတ်ခွဲခန်းတွင်သွားရောက်စစ်ဆေးကြည့်ရာ လျှံဆွေးဟု အဖြေ ထွက်လာကြောင်း ကျောက်ဝယ်ရောင်းတစ်ဦးဖြစ်သည့် ဦးပြည့်စုံက ပြောသည်။

“အပွင့်လိုင်းမှာ ဥဒေါင်ကျောက်ဆိုရင် သက်တမ်းနုတဲ့အတွက် ရောင်းဝယ်လုပ်လို့ မရဘူး။လျှံဆွေးကျောက် မှ ရောင်းဝယ်လို့ရတယ်။အခုလိုကျောက်တမျိုးတည်းကို ဓာတ်ခွဲခန်းနှစ်ခုက အဖြေနှစ်မျိုးထုတ်ပေးနေတော့ ကျွန်တော်တို့အနေနဲ့ ရောင်းသူဝယ်သူယုံကြည်မှုပျက်ရတယ်”ဟု ၎င်းကရှင်းပြသည်။

ဓာတ်ခွဲခန်းရလာဒ်များ ကွဲပြားမှုရှိသည်ကို မကြာခဏကြားသိရပြီး အငြင်းပွားရဆုံးမှာ လျှံဆွေး၊ချွမ်ကျောက် များဖြစ်ကြောင်း၊ ပြည်တွင်းဓာတ်ခွဲခန်းများတွင် သဘာဝတွင်းထွက်ဖြစ်သည်။စစ်မှန်သည်ဟူ၍ စစ်ဆေး ချက်ထွက်လာသည့် ကျောက်များအား တရုတ်၊ထိုင်း၊ဂျပန်အစရှိသည့် နိုင်ငံများသို့ ပို့ဆောင်ရာ တွင် ကျောက်အရည်အသွေးမပြည့်မှီဟူသော မှတ်ချက်ဖြင့် အရောင်းအဝယ်ဖြစ်မှု နဲပါးလျက်ရှိသည့် အတွက် ကျောက်သမားအများစုရောင်းဝယ်ဖောက်ကားရာ ဖြစ်သော မန္တလေးမြို့တွင် တာဝန်ယူမှု၊တာဝန် ခံမှုအပြည့်ပေးနိုင်သော ဓာတ်ခွဲခန်းတခုရှိရန် လိုအပ်ပြီး ပြည်တွင်း၊ပြည်ပ စံနှုန်းသက်မှတ်ချက် ကွဲလွဲမှုများ လည်း ရှိနေနိုင်သည်ဟု ယူဆကြောင်း ကျောက်ကုန်သည်ဦးမျိုးမြင့်က ပြောသည်။

ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းရုံးချုပ်(ရန်ကုန်)က ခေတ်မှီဓာတ်ခွဲခန်းများဝယ်ယူကာ လက်ရှိ ကမ္ဘာအေးတွင် လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်း(မန္တလေး) အနေဖြင့်လည်း အသင်းပိုင်ဓာတ်ခွဲခန်းတခု လုပ်ဆောင်ပေးသွားရန် စီစဉ်လျက်ရှိပြိး မိမိတို့အသင်းအနေဖြင့် အသင်းသားများ ကျောက်မျက်ရောင်းဝယ်ရာတွင် ရောင်းမှား၊ဝယ်မှားကိစ္စရပ်များကြုံပါက အသင်းအနေဖြင့် တာဝန်ယူဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း ယင်းအသင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကျောက်စိမ်းဈေးကွက်တွင် အပွင့်လိုင်း(အရည်၊ဘော်ဒီနှင့် ချွမ်)ဟူ၍ သုံးမျိုးခွဲထားပြီး ချွမ်အရည်အသွေး သက်မှတ်ချက်နှင့်ပက်သက်၍ မကြာခဏအငြင်းပွားမှုများကြုံတွေ့ရလေ့ရှိသည့်အတွက် ယခုကဲ့သို့ ဓာတ်ခွဲ ခန်းများတွင် စစ်ဆေးလေ့ရှိပြီးယခင်က ဓာတ်ခွဲခန်းတခုသာ ရှိသည့်အတွက် ရလာဒ်နှင့်ပက်သက်၍ အငြင်း ပွားလေ့မရှိသော်လည်း ယခုနှစ်ပိုင်းများတွင် ဓာတ်ခွဲခန်းနှစ်ခုရှိလာသည့်အတွက် အငြင်းပွားမှုများ မကြာခ ဏကြုံတွေ့နေရခြင်းဖြစ်သည်။

စိုးကြီး | The Union Daily

မှတ်ချက်များ