တစ်ကျော့ပြန် အသံတိတ်ရန်သူ


အာရှတိုက်သည် ငလျင် အချိန်မရွေး လှုပ်ခတ်နိုင်သော ဒေသဖြစ်ပြီး ပြတ်ရွေ့ကြောကြီးများပေါ် တည်ရှိနေ သည့် မြန်မာနိုင်ငံ၌ ယခုနှစ်ဆန်းပိုင်းမှ စတင်ကာ ခပ်စိပ်စိပ် လှုပ်ခတ်လာသော မြေငလျင်များက ရန်ကုန် မြို့တော် အပါအဝင် လူနေထူထပ်သော မြို့ကြီးများနှင့် အထပ်မြင့်တိုက်များတွင် နေထိုင်သူများကို ခြောက် လှန့်လာနေပြီ ဖြစ်သည်။

မြန်မာနိုင်ငံတွင် ရခိုင်ငလျင်ကြော၊ စစ်ကိုင်းငလျင်ကြော၊ ကျောက်ကြမ်း ငလျင်ကြော၊ သံလွင်ငလျင်
ကြောနှင့် ဟူးကောင်းငလျင်ကြောဟူ၍ အဓိက ငလျင်ကြော ငါးခုရှိပြီး သဘာဝ ဘေးအန္တရာယ်အဖြစ် အပျက်အစီးဆုံးရှုံးမှု များပြားသည့်နေရာမှာ စစ်ကိုင်းငလျင်ကြောပင် ဖြစ်ကြောင်း ဘူမိဗေဒပညာရှင်များက သတိပေး ပြောကြားသည်။

“ရန်ကုန်မြို့က စစ်ကိုင်းပြတ်ရွေ့ကြောပေါ်မှာ တည့်တည့်မကျဘူး။ ရန်ကုန်မြို့ရဲ့ အရှေ့ဘက်ကနေ ဖြတ် သွားတာ။ ဒါပေမဲ့ ငလျင်ဆိုတာ ကိုယ့်ဆီကို ဗဟိုပြု လှုပ်တာ မဟုတ်ပေမယ့် အထပ်မြင့် အဆောက်အ အုံတွေ ရှိရင် အန္တရာယ် ရှိနိုင်တယ်” ဟု မြန်မာနိုင်ငံ မြေငလျင်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးစိုးသူရထွန်း က ပြောကြားသည်။

ယခုနှစ် မေလ ၅ ရက်နေ့က ထိုင်းနိုင်ငံ ချင်းရိုင်မြို့ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့သော အင်အားပြင်း ငလျင်ကြောင့် မြန်မာနိုင်ငံတွင် ရန်ကုန်မြို့တော် အပါအဝင် မြို့ကြီးအချို့တွင် ပျက်စီးဆုံးရှုံးမှု မရှိသော်ငြား ရစ်ခ်ျစတာစကေး ၅ ဒသမ ၈ အဆင့်ရှိ ငလျင်ဒဏ်ကို ခံစားခဲ့ကြရသည်။

ဇွန်လ ၉ ရက်နေ့ကလည်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးကို ဗဟိုပြု၍ အင်အား ရစ်ခ်ျစတာစကေး ၄ ဒသမ ၇ အဆင့်ရှိ မြေငလျင်တစ်ခု လှုပ်ရှားခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန မြေင လျင်ဌာနက သတင်းထုတ်ပြန်သည်။

ယင်းသို့ ပြတ်ရွေ့ကြောမှ ငလျင်များ အပိုင်းလိုက်၊ အပိုင်းလိုက် လှုပ်ခတ်နေခြင်းကြောင့် ကချင်ပြည်နယ် သည် ငလျင်ဒဏ် အန္တရာယ်ကို အဓိက တွေ့ကြုံနိုင်ရာ ဒေသခံများအနေနှင့် သတိပြုရန်လိုကြောင်း ဦးစိုးသူ ရထွန်းက ဆက်လက်သတိပေးသည်။

“နှစ်တစ်ရာမှာ တစ်ကြိမ် မြစ်ကြီးနားက ၇ ဒသမ ၅ လောက်အထိ လှုပ်နိုင်တယ်” ဟု ၎င်းကဆိုသည်။

ပြတ်ရွေ့များ လှုပ်ရှားနေခြင်းကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အပါအဝင် ဗန်းမော်မြို့နှင့် ဝိုင်းမော်မြို့ တို့တွင် မေလ ၃၀ ရက်နေ့ နံနက် ၇ နာရီ ၅၁ မိနစ်က အင်အားရစ်ခ်ျစတာစကေး ၅ ဒသမ ၉ အဆင့်ရှိ မြေင လျင် လှုပ်ခတ်သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန မြေငလျင်ဌာနခွဲ၏ သတင်း ထုတ်ပြန်ချက်အရ သိရသည်။

ယခုကဲ့သို့ ကချင်ပြည်နယ်တွင် ငလျင်များ မကြာခဏ လှုပ်ခတ်နေသည့်အတွက် ပျက်စီးဆုံးရှုံးမှုကို မကြုံတွေ့ရသော်လည်း တာလေငလျင်ကဲ့သို့ အင်အားပြင်း ငလျင်ကြီးများ တစ်ကျော့ပြန် လှုပ်ခတ်မည် ကို ဒေသခံများမှာ စိုးရိမ်လျက်ရှိကြောင်း ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်ရှိ ဝါရှောင် ကျေးရွာဒေသခံ တစ်ဦးက ပြောကြားသည်။

၂၀၁၁ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင်လည်း ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်၊ တာလေမြို့နယ် ခွဲတွင် အင်အားရစ်ခ်ျစတာစကေး ၆ ဒသမ ၈ အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်ကြီး လှုပ်ခတ် မှုကြောင့် ရွာပေါင်း ၉၀ နှင့် ပြည်သူပေါင်း နှစ်သောင်းနီးပါး ငလျင်ဒဏ်သင့်ခဲ့ပြီး လူပေါင်း ၃၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရကြောင်း အစိုးရ၏ တရားဝင် စာရင်းများအရ သိရသည်။

“ဒီမှာက အဆောက်အအုံတွေ ဆောက်ရင် ငလျင်အန္တရာယ်အတွက် ဘာမှ ကြိုတင်ပြင်ဆင်ထားတာ မရှိသေးဘူး။ ဖြစ်ခါမှသာ ဖြစ်ရော။ အဲဒီအခါကျတော့ အသေအပျောက်နဲ့ အပျက်အစီးက များရော။ ကြိုတင်ပြင်ဆင် ကာကွယ်ထားနိုင်ဖို့ လိုတယ်” ဟု မြို့ပြအင်ဂျင်နီယာ အငြိမ်းစားအရာရှိတစ်ဦး က ဝေဖန်ပြောဆိုသည်။

ငလျင်ကြီးများသည် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် မြေပြင်ပြတ်ရွေ့များအရ ဒေသအပိုင်းအခြားအလိုက် လှုပ်ခတ်ခြင်းသာ ဖြစ်သည့်အတွက် စစ်ကိုင်းပြတ်ရွေ့ကြော မြောက်ဘက်ခြမ်းရှိ စစ်ကိုင်းမြို့မှ တကောင်းမြို့အထိသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်း၌ အင်အားရစ်ခ်ျစတာစကေး ၇ အဆင့်ရှိ အင်အားပြင်း ငလျင်များ လှုပ်ခတ်မှုများနေသည်ကို တွေ့ရှိရပြီး ကျန်ပြတ်ရွေ့အပိုင်းအချို့သည် လှုပ်ခတ် ထားခြင်း မရှိသေးသောကြောင့် မန္တလေးမြို့မှ နေပြည်တော် အပိုင်းသည် အထူးသတိထားရန် လိုအပ်ကြောင်း မြေငလျင် လေ့လာရေး ပညာရှင်များက ထောက်ပြ ပြောဆိုကြသည်။

အလားတူ စစ်ကိုင်းပြတ်ရွေ့ကဲ့သို့ အင်အားကြီးငလျင်များ အချိန်မရွေး ထပ်မံလှုပ်ခတ်နိုင် သည့် ပြတ်ရွေ့မှာ ကျောက်ကြမ်းပြတ်ရွေ့ ဖြစ်ပြီး ရှမ်းကုန်းပြင်မြင့်၊ မန္တလေး၊ မိတ္ထီလာ၊ ရမည်းသင်း ဒေ သတို့နှင့် ဆက်စပ်နေကြောင်း ဘူမိဗေဒပညာရှင်များ၏ ပြောကြားချက်အရ သိရသည်။

ယင်းကျောက်ကြမ်း ပြတ်ရွေ့မှာ မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့ဖူးသည့် ငလျင်များအနက် အင်အားအကြီးဆုံး လှုပ်ခတ်ခဲ့သော ငလျင်ဖြစ်ပြီး နှစ်ပေါင်း ၁၀၀ ကျော်လာသည်အထိ လှုပ်ခတ်ထားခြင်း မရှိသည့်အတွက် တစ်ကျော့ပြန်လည်၍ အင်အားကြီး ငလျင်လှုပ်ခတ်မည့် အန္တရာယ်မှာ စိုးရိမ်ဖွယ်ဖြစ်နေကြောင်း ၎င်းတို့ က ပြောဆိုသည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီး အတွင်းကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာစကေး ၆ ဒသမ ၈ အဆင့်နှင့် အင်အား ၅ ဒသမ ၀ အဆင့်ရှိ ငလျင်လှုပ်ခတ်သွားခဲ့ရာ လူ ၁၀ ဦးကျော် သေဆုံးပြီး ၃၆ ခန့်ဒ ဏ်ရာရရှိခဲ့သည့်အပြင် အဆောက်အအုံများ၊ တံတားများနှင့် လူနေအိမ်များ ပြိုကျပျက်စီးခဲ့သည်။

ယင်းကဲ့သို့ မြေငလျင် လှုပ်ခတ်ခြင်းမှာ စစ်ကိုင်းမြေငလျင်ကြောကြီး အနီးတွင် လှုပ်ရှားခဲ့ခြင်း ဖြစ်ပြီး နောက် ဆက်တွဲ မြေငလျင်များလည်း အကြိမ် ၂၀ ခန့် လှုပ်ရှားခဲ့သည့်အတွက် ကြိုတင်ခန့်မှန်း၍ မရနိုင်ရာ မြေ ငလျင်အန္တရာယ်ကို ကြိုတင်ပြင်ဆင်မှု ဆောင်ရွက်၍သာ ကာကွယ်ရမည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မြေငလျင်ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး တစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းပြတ်ရွေ့ကြောပေါ် တည်ရှိနေသည့် တောင်ငူ၊ နေပြည်တော်နှင့် မန္တလေးမြို့တို့တွင် ငလျင်များ မကြာခဏ လှုပ်ခတ်နေခြင်းကြောင့် အင်အားကြီး ငလျင်ကျရောက်မှုကို စိုးရိမ်ဖွယ် မရှိသော် လည်း မန္တလေးမြို့ တောင်ဘက်ခြမ်းမှစ၍ ရန်ကုန်၊ သုံးခွမြို့များသည် ငလျင်ဒဏ် အန္တရာယ် စိုးရိမ်ဖွယ် ရှိကြောင်း မြေငလျင်ပညာရှင် ဦးစိုးသူရထွန်းက ရှင်းပြသည်။ “လှုပ်မယ်ဆိုရင် ပြင်းအားက ၆ ကျော်ကျော် ၇ လောက်မှာ ရှိနိုင်တဲ့အတွက် စိုးရိမ်စရာပဲ” ဟု ၎င်းကဆိုသည်။

လူနေထူထပ်သည့် မြို့ပြများတွင် ငလျင်အန္တရာယ် ကျရောက်မှုကြောင့် အထပ်မြင့် အဆောက်အအုံများ ပြိုကျပျက်စီးခြင်း မရှိစေရန်အတွက် ခိုင်ခံ့စွာ တည်ဆောက်ရန် အရေးကြီးပြီး ငလျင်ဒဏ် ခံနိုင်ရည်ရှိသည့် နည်းပညာကို အသုံးပြု ဒီဇိုင်းရေးဆွဲ ဆောက်လုပ်ရန်လည်း လိုအပ်ကြောင်း ဘူမိအင်ဂျင်နီယာတစ်ဦးက သုံးသပ်ပြောဆိုသည်။

ငလျင်ကြီး လှုပ်ခတ်အပြီး ငလျင်ငယ်လေးများ အကြိမ်ရေဆက်တိုက် လှုပ်ခတ်မှုသည် နောင်တစ်ချိန် အင်အားကြီး ငလျင်ကြီး ဖြစ်ပေါ်မည့် အခြေအနေကို အင်အားစုစည်းမှု လျော့နည်းသွားစေနိုင်သည့် အချက်လည်း ဖြစ်ကြောင်း၊ သို့သော် သတိပြုရမည့်အချက်မှာ ငလျင်ကြီး မလှုပ်ခတ်မီ အချိန်တွင် ငလျင်ငယ်လေးများလည်း ဆက်တိုက် လှုပ်ခတ်နိုင်ခြေ ရှိသည်ကို သိရှိထားရမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဦးထွန်းလွင်က ထောက်ပြ ပြောဆိုသည်။

“ငလျင်က ဘယ်တော့လှုပ်မယ် ဆိုတာ ခန့်မှန်းလို့ မရဘူး။ ကြိုတင် ပြင်ဆင်ထားလို့ပဲ ရမယ်” ဟု ၎င်းကဆိုသည်။

လွန်ခဲ့သည့် နှစ် ၁၀၀ အတွင်းက မြေငလျင်လှုပ်ခတ်ရာတွင် အင်အားရစ်ခ်ျစတာစကေး ၇ ခန့်ရှိသည့် မြေင လျင်များ ၁၀ ကြိမ်ထက်မနည်း လှုပ်ခတ်ခဲ့ပြီး ၁၉၇၀ ပြည့်နှစ်တွင် ရန်ကုန်မြို့တော်၌ လှုပ်ခတ်ခဲ့သည့် ငလျင်၊ ၁၉၇၅ ခုနှစ်တွင် ပုဂံ၌ လှုပ်ခတ်ခဲ့သည့် ငလျင်တို့တွင် ပျက်စီးဆုံးရှုံးမှု အများဆုံး ကြုံတွေ့ခဲ့ရကြောင်း သမိုင်းအထောက်အထားများအရ သိရသည်။

ရန်ကုန်မြို့တော်ကဲ့သို့ လူဦးရေထူထပ်သည့် မြို့ကြီးများတွင်မှု ငလျင်လှုပ်ပါက ချက်ချင်း သိရှိကြသည့် အပြင် ပျက်စီးဆုံးရှုံးမှုများ ရှိလာပါက ထင်သာမြင်သာ ရှိလာ၍ အစိုးရိမ်လွန်ကြရခြင်း ဖြစ်သော်လည်း မြေ ငလျင်များသည် အမြဲလှုပ်ခတ်လေ့ရှိရာ အများစုသည် လူသူနည်းပါးသည့် အရပ်ဒေသများတွင် လှုပ်ခတ်ခြင်းကြောင့် မသိရှိလိုက်ရခြင်းသာ ဖြစ်ကြောင်း မြေငလျင်ဌာနခွဲ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။

မှတ်တမ်းများအရ ၁၉၁၀ ပြည့် နှစ်မှ ၂၀၁၁ ခုနှစ်အထိ လှုပ်ခတ်ခြင်း မရှိသည့် ငလျင်ကြောများ ပြန်လည်၍ လှုပ်ခတ်လာနိုင်ခြေ ရှိသည့်အတွက် များစွာ အန္တရာယ်ကြီးကြောင်း မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း အလုပ်အ မှုဆောင် ဒေါက်တာမျိုးသန့်က သတိပေး ပြောဆိုသည်။

“စစ်ကိုင်းပြတ်ရွေ့က တကယ်ကို Active ဖြစ်နေတယ်ဆိုရင် နောင်တစ်ချိန်မှာ အချိန်မရွေး လှုပ်လာနိုင် တယ်။ မလှုပ်သေးတဲ့ ပြတ်ရွေ့နေရာက ပြန်ပြီး Active ဖြစ်လာပြီ ဆိုရင် ပိုပြီး အန္တရာယ်ကြီးတယ်” ဟု ၎င်းကဆိုသည်။

ယင်းကြောင့် မြန်မာနိုင်ငံအတွက် ခပ်စိပ်စိပ် ပြန်လည်လှုပ်ခတ်လာသည့် အင်အား အသင့်အတင့်ရှိ မြေ ငလျင်များက တစ်ကျော့ပြန်နိုင်သည့် အင်အားပြင်း မြေငလျင်များအတွက် သတိပေးနေခြင်းပင် ဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများအနေနှင့် ကြိုတင် ကာကွယ်နိုင်မည့် နည်းလမ်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ရန် လိုကြောင်း မြေငလျင် ကျွမ်းကျင်ပညာရှင်များနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် များက ထောက်ပြ ပြောဆိုကြသည်။

ခန့်မှန်းမရသော သဘာဝ ဘေးအန္တရာယ်များတွင် ငလျင်သည် ထိပ်ဆုံးက ရှိနေသည်။ အင်အားပြင်း ငလျင်များ လှုပ်ခတ်နိုင်သော ပြတ်ရွေ့ကြောကြီးများပေါ်တွင် ရှိသည့် မြန်မာနိုင်ငံအတွက် အသက်အိုးအိမ် စည်းစိမ်ကို ယူငင်နိုင်သော အသံတိတ်ရန်သူ ငလျင်အန္တရာယ်သည် အချိန်မရွေး ရောက်လာနိုင်သည်။

ပြည့်ဖြိုးလင်း


မှတ်ချက်များ