အီဘိုလာ ကူးစက်ခံခဲ့ရသည့် စပိန် ခရစ်ယာန် ဘုန်းတော်ကြီး ကွယ်လွန်


အီဘိုလာ ကူးစက်ခြင်း ခံခဲ့ရသည့် စပိန်ခရစ်ယာန် ဘုန်းတော်ကြီးသည် ယခုအခါ ကွယ်လွန်သွား ပြီဖြစ်ကြောင်း သတင်းရရှိသည်။

အသက် (၇၅)နှစ်ရှိ ရိုမန်ကက်သလစ် ဘုန်းတော်ကြီး မီဂွယ်လ် ပါဂျာရက်စ်သည် စပိန်နိုင်ငံတွင် ရောဂါကုသ မှု ခံယူနေသော်လည်း သက်သာလာခြင်း မရှိဘဲ သေဆုံးသွားခြင်း ဖြစ်သည်။ ၎င်းသည် မက်ဒရစ်မြို့သို့ ဩဂုတ်(၇)ရက် ကတည်းက ရောက်ရှိနေခဲ့သည်။ ဘုန်းတော်ကြီး ပါဂျာရက်စ်သည် လိုက်ဘေးရီးယား မြို့တော် မွန်ရိုဗီယာတွင် ရှိနေစဉ်က စိန့်ဂျိုးဆက် ဆေးရုံတွင် အီဘိုလာ ရောဂါသည်များကို ကူညီကုသပေး ခဲ့သူ ဖြစ်သည်။ ဘုန်းတော်ကြီးကို လက်ရှိ စမ်းသပ်ဆဲအဆင့် ဖြစ်သည့် အီဘိုလာ ကုသဆေးဝါး ZMapp ထိုးနှံပေးခဲ့သော်လည်း အောင်မြင်မှု မရှိခဲ့ချေ။

“မနက်ပိုင်းက ဘုန်းတော်ကြီး ကွယ်လွန်ပါတယ်”ဟု စပိန်ရှိ စိန့်လာပက်ဇ်ကားလို့စ် ဆေးရုံမှ ပြောရေးဆိုခွင့် ရ အမျိုးသမီးက အတည်ပြုခဲ့သည်။ အမေရိကန်မှ တင်ပို့ခဲ့သော ZMapp ဆေးဝါးသည် ဩဂုတ် (၉)ရက် က ဆေးရုံသို့ ရောက်ရှိခဲ့ပြီး ဘုန်းတော်ကြီးကို ထိုးနှံပေးခဲ့သည်။

မွန်ရိုဗီရိုရှိ စိန့်ဂျိုးဆက် ဆေးရုံတွင် အီဘိုလာကြောင့် သေဆုံးသူ အရေအတွက် (၁၀)ရက်အတွင်း (၄)ဦးထိ ရှိခဲ့ကြောင်းလည်း သိရှိရသည်။

7day

မှတ်ချက်များ