ဝရမ်းပြေး ဗိုလ်ချုပ်ဟောင်းတဦးကို ဖိလစ်ပိုင်ရဲ ဖမ်းဆီး

ဂျိုဗီတို ပယ်ပါရန်း
ဖိလစ်ပိုင်ရဲတပ်ဖွဲ့ဟာ ၀ရမ်းပြေး ဗိုလ်ချုပ်ဟောင်း တယောက်ကို ဒီနေ့ ဖမ်းဆီးလိုက်ပါတယ်။

လွှတ်တော်အမတ်လည်း ဖြစ်ခဲ့ဖူးတဲ့ အသက် ၆၃ နှစ်အရွယ် ဂျိုဗီတို ပယ်ပါရန်းကို ၂၀၀၆ ခုနှစ် က ကျောင်းသား ၂ ယောက် ပျောက်ဆုံးမှုအတွက် ၀ရမ်းထုတ်ထားတာ ၃ နှစ် ရှိပြီး ဖြစ်ပါတယ်။

ဖမ်းမိရင် ဖိလစ်ပိုင်ပီဆိုငွေ ၅ သန်း၊ အမေရိ ကန်ဒေါ်လာ ၁ သိန်း ၁ သောင်းကျော်ပေးမယ်လို့ ဆုငွေ ထုတ်ထားပါတယ်။

ကြယ် ၂ ပွင့်အဆင့် ဗိုလ်ချုပ်ဟောင်းဟာ လူ့အခွင့် အရေးချိုးဖောက်မှုတွေ အမြောက် အမြားကိုလည်း ကျူးလွန်ခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲ ထားပါတယ်။

သမ္မတအိမ်တော်အနီးက မက်ဆာမြို့နယ်ထဲမှာ ပုန်းနေတာကို ထောက်လှမ်းရေတွေနဲ့ စစ်သားတွေက ဖမ်း ဆီးနိုင်လိုက်တာ ဖြစ်ပါတယ်။

တရားရုံးက ထောင်ချမယ့် အမိန့်ကို စောင့်စားနေတဲ့အချိန်မှာ သူ့ကို ဖိလစ်ပိုင် အမျိုးသားထောက်လှမ်းရေး ဌာနကို အစောင့်အရှောက်တွေနဲ့ ခေါ်သွားခဲ့ပါတယ်။

ဗိုလ်ချုပ်ဟောင်း ဂျိုဗီတို ပယ်ပါရန်းက နောင်တမရဘဲ အမှုကို ရင်ဆိုင်သွားမယ်လို့ ပြောပါတယ်။

“ကျနော် နောင်တမရပါဘူး။ ကျနော် လုပ်ခဲ့တာအတွက် နောင်တမရပါဘူး။ ကျနော် လုပ်ခဲ့တာတွေက ပြည် သူတွေ ကောင်းဖို့ လုပ်ခဲ့တာပဲ၊ ဘာမှ နောင်တရစရာ အကြောင်း မရှိပါဘူး။ ကျနော့်ကို စွပ်စွဲထားတဲ့ အမှု ကိုလည်း သူတို့ လုပ်နေကျ ကိစ္စမျိုးပါပဲ၊ ကျနော် အရမ်း အောင်မြင်နေတာကို ချောက်ချချင်တာပါ။”

တရားရေးဝန် လိုင်လာဒီလီမာရဲ့ အဆိုအရ ပယ်ပါရန်းဟာ တက္ကသိုလ်ကျောင်းသား ၂ ယောက် ပျောက်ဆုံး မှုအတွက် တရားစွဲခံရမယ်လို့ ပြောပါတယ်။

ပျောက်ဆုံးသွားတဲ့ ကျောင်းသား ၂ ယောက်ကို ရှာဖွေနေဆဲ ဖြစ်ပြီး အခုအထိ မတွေ့သေးပေ။

ကာရာပါတန် လူ့အခွင့်အရေးအဖွဲ့ရဲ့ အဆိုအရ ပယ်ပါရန်းဟာ ၂၀၀၆ ခုနှစ်က ဖိလစ်ပိုင်မှာ ဖြစ်ပျက်ခဲ့တဲ့ လူပျောက်မှုနဲ့ တရားမဲ့ သတ်ဖြတ်မှု စုစုပေါင်း ၈၀၀ အတွက် တာဝန်ရှိတယ်လို့ ပါတယ်။

သမ္မတဟောင်း ဂလိုရီယို အာရိုယိုလက်ထက်မှာ အမှုတော်တော်များများကို အမှုဖွင့်ခဲ့ပေမယ့် ပယ်ချခံခဲ့ရ တယ်လို့ ဆိုပါတယ်။

ကာရာပါတန် လူ့အခွင့်အရေးအဖွဲ့ရဲ့ ပြောခွင့်ရသူက “ဗိုလ်ချုပ် ပယ်ပါရန်းဟာ သားသတ်သမားလို့ လူသိ များပါတယ်။ သမ္မတ အာရိုယိုလက်ထက်မှာ ဖြစ်ခဲ့တဲ့ တရားလက်လွှတ် သတ်ဖြတ်မှုတွေ၊ လူပျောက်မှုတွေ နဲ့ စစ်စခန်းတွေမှာ နည်းမျိုးစုံ ညှဉ်းပန်းနှိပ်စက်မှုတွေအတွက် တာဝန်ရှိပါတယ်” လို့ ပြောပါတယ်။

၂၀၁၀ မှာ သမ္မတ ဘန်နီညို အကွီနို တက်လာတဲ့အချိန်ကစလို့ လူ့အခွင့်အရေး အခြေအနေတွေ တိုး တက်အောင် ဆောင်ရွက်မယ်လို့ ကတိပြုထားပေမယ့် သတင်းထောက်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေ သတ်ဖြတ်ခံရတဲ့ကိစ္စတွေကို ဒီနေ့အထိ ဖြေရှင်းနိုင်ခြင်း မရှိသေးပေ။

DVB



မှတ်ချက်များ