ရခိုင်ရိုးရာ ဗုဒ္ဓပူဇနိယ ဆီမီးခွက် အက စီးပွားရေး ဆိုင်ရာ အခမ်းအနားတွင် ကပြဖျော်ဖြေမှုအား ကန့်ကွက်


ရခိုင်ရိုးရာ ဗုဒ္ဓပူဇနိယ ဆီမီးခွက်အက အား စီးပွားရေး ဆိုင်ရာ အခမ်းအနား ပွဲများတွင် မဆင်မခြင် တလွဲ အသုံးချ၍ ကပြဖျော်ဖြေမှုကို ကန့်ကွက်ကြောင်း ရခိုင် စာပေနှင့် ယဉ်ကျေးမှု အဖွဲ့(ရန်ကုန်)မှ ဥက္ကဋ္ဌဒေါ်စော ခင်တင့်က ပြောသည်။

ဒေါ်စောခင်တင့်က ”ရခိုင်ရိုးရာ ဆီမီးခွက် အကကို တချို့စီးပွားရေး လုပ်ငန်း ရှင်တွေ ကနေပြီးတော့ သူတို့ကြော်ငြာ လုပ်ငန်း အတွက်၊ ပြီးတော့နိုင်ငံခြား ဧည့် သည် တွေလည်း အကြိုက် များတယ် ဆိုပြီး ဖျော်ဖြေလာကြတယ်။ ဒါပေမဲ့ သူတို့ ကပြဖျော်ဖြေတာက ရခိုင်ရိုးရာ ဆီမီးခွက် အက ပုံစံလည်း မဝင်ဘူး” ဟု ဆိုသည်။

ရခိုင် ရိုးရာ ဗုဒ္ဓပူဇနိယ ဆီမီးခွက် အကသည် ထေရဝါဒ ဗုဒ္ဓဘာသာ၏ ဘာသာရေး ဓလေ့ထုံးတမ်းနှင့် အညီ ဘုရား ရတနာ၊ တရား ရတနာ၊ သံဃာ ရတနာ တည်း ဟူသော ရတနာမြတ် သုံးပါးကို ဦးခိုက် ပူဇော်ရန် စီကုံးရေးဖွဲ့ကာ ပူဇော် ကပြရန် ရခိုင်လူမျိုးတို့ ကတီထွင်ခဲ့သော ကကွက်ကဟန် များဖြစ်သည်ဟု ရခိုင် စာပေနှင့် ယဉ်ကျေးမှု အဖွဲ့မှသြဂုတ် ၁၇ရက် ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထား သည်။ ယင်းကဲ့သို့ ဖွင့်ဆိုချက် များဖြင့် ရခိုင်ရိုးရာ ယဉ်ကျေးမှု ဆိုင်ရာ ကကွက် ကဟန်များ ကို အခမ်းအနားပွဲများ၊ ပျော်ပွဲရွှင်ပွဲ များနှင့် စားသောက်ဆိုင် များ တွင် ဖြေဖျော်ရေး အသွင်တစ်ခုဖြင့် တလွဲ အသုံးပြုကပြနေသည် ကို တွေ့မြင်နေ ရ ကြောင်းဒေါ်စော ခင်တင့် က ထပ်လောင်း ပြောသည်။

၎င်းနှင့် ပတ်သက်၍ ရခိုင် တိုင်းရင်း သားရေးရာ ဝန်ကြီး ဦးဇော်အေးမောင် က ”ရခိုင်စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့က ထုတ်တဲ့ ကြေညာချက် ကိုတော့ မဖတ်ရသေးဘူး။ ဒါပေမဲ့ ကျွန်တော့် ဆီကို ရခိုင်တိုင်းရင်း သားတွေ ကနေ ဖုန်းလှမ်းဆက်ပြီး မေး ကြပါတယ်။ ဒါနဲ့ ပတ်သက်ပြီး လည်း ကန့်ကွက်ကြတယ်” ဟု ဆိုသည်။

အကယ်၍သာ မူဝါဒဆိုင်ရာ ဥပဒေ ရှိပါက ယင်း ကိစ္စရပ်များကို ဥပဒေအရ ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း၊ သို့မှသာ မိမိတို့ ရခိုင်ရိုးရာ ကကွက်ကဟန် များကို မူပိုင်ခွင့် ရယူနိုင် မည်ဖြစ်ပြီး တရားဥပဒေ အရ ဆောင် ရွက် သွားနိုင်မည်ဖြစ်ကြောင်း ဝန်ကြီး ဦးဇော်အေးမောင်က ဆိုသည်။

ရခိုင်ရိုးရာ ဗုဒ္ဓပူဇနိယ ဆီမီးခွက် အကဖြင့် ၁၉၉၆ ခုနှစ် ပြည်ထောင်စုနေ့ အခမ်းအနား၊ တိုင်းရင်းသား ပဒေ သာ ကပွဲတွင် ရခိုင်ရိုးရာ ယဉ်ကျေးမှု အဖွဲ့မှ ရခိုင်ပြည်နယ် ကိုယ်စား တင်ဆက်ကပြ ခဲ့သော သမိုင်းဝင် ရခိုင်မူပိုင် အကတစ်ခု လည်းဖြစ်သည်ဟု ထုတ်ပြန်ကြေညာ ချက်တွင် ပါရှိသည်။ အဆိုပါ ဆီမီးခွက် ဖြင့် ကကွက်များကို အဖွဲ့ အစည်းတစ်ခုမှ ကပြ ဖြေဖျော်မည် ဆိုပါက ရခိုင်အဖွဲ့ အစည်း တစ်ခုခုသို့ တင်ပြပြီး ခွင့်ပြုချက် တောင်းခံ ရမည်ဖြစ်ကြောင်း၊ ထိုသို့ခွင့်ပြု ချက်တောင်းခံ လာပါက ဆီမီးခွက်ဖြင့် ကကွက် ကဟန်များတွင် လိုအပ်ချက် ရှိသည်များကို ကူညီဆောင်ရွက်ပေးသွား မည်ဟု ရခိုင်စာပေနှင့် ယဉ်ကျေးမှု အဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်စောခင်တင့်က ထပ်လောင်း ပြောသည်။

ထက်ထက်မိုးမြင့် | Popular Journal

မှတ်ချက်များ