ဓမ္မစေတီခေါင်းလောင်း ဆည်ယူသည့်နေရာတွင် ရေကြောင်းရဲများ လုံခြုံရေးယူထား

ဓမ္မစေတီခေါင်းလောင်း တူးဖော်မှုကို ယခင်တူးဖော်နေသည့်နေရာမှ သောင်တူးဖော်စက်ကို သြဂုတ် ၁၇ ရက်တွင် ရေငုတ်သမားများ ရှာဖွေသည့်နေရာသို့ ပြောင်းရွှေ့လိုက်ပြီး အဆိုပါနေရာတွင်လည်း ရေကြောင်း ရဲတပ်ဖွဲ့က အနည်းဆုံး ရှစ်ဦးခန့် လုံခြုံရေးယူထားသည်ကို မဇ္ဈိက တွေ့ရသည်။


သင်္ဘောပတ်လည်တွင်လည်း ပရိတ်ရွတ်သည့် သမ္မာန် ၉ စီးဖြင့်လှည့်လည်ကာ ဆုတောင်းမှုများ ပြုလုပ်နေ ကြသည်။

စတင်တူးဖော်စဉ်က သောင်တူးယာဉ်သည် ရေငုတ်သမားများရှာဖွေနေသည့် နေရာနှင့် ပေ ၇ဝဝ ကျော် ကွားဝေသောနေရာတွင် ရပ်တန့်ထားခဲ့ရာမှ ပြောင်းရွှေ့လိုက်ခြင်းဖြစ်ပြီး သောင်တူးယာဉ်၏ပေ ၅ဝ ခန့် တွင်လည်း ရေကြောင်းရဲတပ်ဖွဲ့ဝင်များက အခြားမည်သည့်ယာဉ်မျှ ဝင်ရောက်ခြင်း မပြုရန် တားမြစ် ထားသည်။

သောင်တူးဖော်သည့်သင်္ဘောနေရာပြောင်းရွှေ့မှု၊ ရေကြောင်းရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးယူထားမှုနှင့် ပတ် သက်၍ ခေါင်းလောင်းတူးဖော်ရေးအဖွဲ့မှ တရားဝင် ထုတ်ပြန်ခြင်းမရှိသေးပေ။

သာကေတ ထူပါရုံရပ်ကွက်နေ ယခင်က သဲစုပ်ယူသည့်လုပ်ငန်း လုပ်ကိုင်ခဲ့ဖူးသူ ဦးအောင်ဝင်းဦးက “စုပ်ထုတ်တဲ့အခါ တစ်ခုအားနည်းချက် ရှိတာက စုပ်တဲ့ကောင်က စုပ်နေတာပဲ ဘေးကသဲတွေကပြန်ဖို့နေ တယ်။ ဖို့တဲ့ဟာကို နိုင်အောင်စုပ်နိုင်ဖို့ပဲ။ အတိအကျသိရင် ပိုင်ချနည်းနဲ့သူ့ဘာသာသူ အစွပ်ချပြီးတော့ သဲစုပ်ထုတ်တာက ပိုမြန်တာပေါ့” ဟု ဆိုသည်။

ခေါင်းလောင်းတူးဖော်ရေးအဖွဲ့က သတ်မှတ်ထားသည်မှာ သြဂုတ် ၂၆ ရက်ထိ သတ်မှတ်ထားသော်လည်း “ကျွန်တော်ကတော့ နှစ်ပတ်နဲ့ မထင်ဘူး။ ဒီအချိန်က ဆွဲတဲ့အချိန်ဖြစ်နေရမယ်။ အခုအချိန်မှာရှာတာမဖြစ် ရဘူး” ဟု ဦးအောင်ဝင်းဦးက ဆိုသည်။

ခေါင်းလောင်းတူးဖော်နေမှုကို နေ့စဉ်ကြည့်ရှုသူ များပြားလျှက်ရှိနေပြီး ခေါင်းလောင်းတူးဖော်ရာသို့ ပို့ဆောင်ပေးသည့် ငါးဖမ်းလှေများ၊ သမ္မာန်များ ခရီးသည်လုရာမှ တစ်ဆင့် သြဂုတ် ၁၄ ရက်က ခိုက်ရန်ဖြစ် ပွားခဲ့သေးသည်။

ကမ်းစပ်မှ ကြည့်ရှုသူများ တူးဖော်နေမှုကို ကြည့်ရှုနိုင်ရန် ပို့ဆောင်ရေး ဝန်ကြီးဌာနက မှန်ဘီလူးများ အခမဲ့ စီစဉ်ပေးထားသည်။

mizzima

မှတ်ချက်များ