MH17 ပျက်ကျမှုတွင် သေဆုံးခဲ့သူများအတွက် တရားမျှတမှု ရှာဖွေပေးမည်ဟု ဩစတြေးလျနှင့် နယ်သာလန် ကတိပြု
MH17 လေယာဉ်ပျက်ကျမှုတွင် အသက်ဆုံးရှုံးခဲ့ရသူ အားလုံးအတွက် တရားမျှတမှုကို ရှာဖွေပေးမည်ဟု ဩစတြေးလျနှင့် နယ်သာလန် အစိုးရတို့က ကျန်ရစ်သူ မိသားစုများကို ကတိပြု ပြောကြားခဲ့သည်။
ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် အစိုးရတပ်များနှင့် သူပုန်တို့အကြား တိုက်ပွဲများ ပြင်းထန်နေသဖြင့် လေ ယာဉ်ပျက်မှ ရုပ်အလောင်းများ ရှာဖွေရေးကို ဆိုင်းငံ့ထားရသည့်တိုင် မိမိတို့ စွမ်းသမျှ လုပ်ဆောင်မည်ဟု အဆိုပ် နှစ်နိုင်ငံမှ တာဝန်ရှိသူများက ဆိုသည်။ မလေးရှား လေကြောင်းပိုင် MH17 သည် အမ်စတာဒမ်မှ ကွာလာလမ်ပူသို့ ပျံသန်းရင်း ဇူလိုင်(၁၇)ရက်နေ့က ပျက်ကျခဲ့ပြီး လိုက်ပါသွားသူ (၂၉၈)ဦးစလုံး အသက် ဆုံးရှုံးခဲ့သည်။ ယူကရိန်း ခွဲထွက်ရေး သူပုန်များက စစ်လေယာဉ်နှင့် မှားယွင်းကာ MH17 ကို ပစ်ချမိခဲ့ခြင်း ဟု စွပ်စွဲမှုများ ထွက်ပေါ်နေသော်လည်း တိတိကျကျ အတည်မပြုနိုင်သေးချေ။
MH17 ပျက်ကျရာတွင် သေဆုံးသူများအနက် နယ်သာလန် နိုင်ငံသား (၁၉၃)ဦးနှင့် ဩစတြေးလျ နိုင်ငံသား (၃၈)ဦး အသက်ဆုံးရှုံးခဲ့ရသည်။ “သေသူတွေ အပေါ်မှာ ကျွန်တော်တို့ အကြွေးတင်နေတယ်။ ပူဆွေးနေတဲ့ မိသားစုတွေအတွက် ရုပ်အလောင်းတွေကို ပြန်သယ်ယူလာပေးဖို့နဲ့ တရားမျှတမှုကို ရှာဖွေပေးဖို့ အတွက် လည်း လောလောဆယ် ကျွန်တော်တို့ တာဝန်မကျေသေးဘူး”ဟု ဩစတြေးလျ ဝန်ကြီးချုပ် တိုနီ အက်ဘော့က ပြောကြားခဲ့သည်။
၎င်းက “ကျွန်တော်တို့ဟာ ပူဆွေးမှုတွေအတွက် အတူဝေမျှ ခံစားနေရတဲ့ လက်တွဲဖော်တွေ သက်သက် မဟုတ်ပါဘူး။ ဒီလို ဆိုးရွားလွန်းပြီး ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်အတွက် တရားမျှတမှုကို အတူလက် တွဲ တောင်းဆိုနေသူတွေလည်း ဖြစ်ပါတယ်”ဟု ဟိဂ်မြို့တွင် ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်၌ နယ်သာလန် ဝန်ကြီးချုပ် မာ့ခ်ရူတေးနှင့်အတူ ကြေညာခဲ့သည်။ အက်ဘော့သည် နယ်သာလန်အစိုးရ၏ ဖိတ်ခေါ်မှုကြောင့် (၁)ရက်ကြာ လာရောက်လည်ပတ်ပြီး MH17 ပျက်ကျမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေ မှုများကို ဆွေးနွေးခဲ့သည်။
နယ်သာလန်၊ ဩစတြေးလျနှင့် မလေးရှားတို့မှ မှုခင်းဆေးပညာ ကျွမ်းကျင်သူများသည် လေယာဉ်ပျက်ကျ ရာ ဒေသသို့ ရောက်ရှိနေပြီး တကွဲတပြား ပျံ့နှံ့နေသည့် ရုပ်အလောင်းများကို စုဆောင်း သိမ်းဆည်းရန် ကြိုး စားခဲ့သည်။ သို့သော်လည်း အဆိုပါ ဒေသတွင် တိုက်ပွဲများ ပြင်းထန်လာသည့်နောက် ပြီးခဲ့သည့် သီတင်း ပတ်လယ်တွင် လုပ်ငန်းစဉ် အားလုံးကို ရပ်ဆိုင်းထားပြီး ကျွမ်းကျင်သူများ အနေဖြင့်လည်း နယ်သာလန် သို့ ခေတ္တ ပြန်လည် ရောက်ရှိနေကြောင်း သိရှိရသည်။
7day

မှတ်ချက်များ