ရန်ကုန်၊ မန္တလေးမှာ ဖျော်ဖြေမယ့် ကေပေါ့ပ်အဖွဲ့ MIB ရဲ့ Solo Concert


မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာရောက်ဖျော်ဖြေမည့် ကေပေါ့ပ်အဖွဲ့ MIB ၏ Solo Concertကို ရန်ကုန်နှင့် မန္တလေးတွင် ဆက်တိုက်ကျင်းပမည်ဟု Han Baek ITC မှ CEO ဦးဝင်းနေစိုးက ပြောကြားသည်။

အမျိုးသားလေးဦးဖြင့် ဖွဲ့စည်းထားသော MIBသည် စက်တင်ဘာ ၂၆ ရက်တွင် ရန်ကုန်သို့ ရောက်ရှိမည်ဖြစ် ပြီး စက်တင်ဘာ ၂၇ ရက်တွင် မန္တလေးမြို့ရှိ အမျိုးသားကဇာတ်ရုံ၌လည်းကောင်း၊ စက်တင်ဘာ ၂၈ ရက် တွင် ရန်ကုန်မြို့ရှိ MCC ခန်းမ၌လည်းကောင်း ဖျော်ဖြေမည်ဖြစ်သည်။


ဖျော်ဖြေပွဲမစတင်မီတွင် MIBအဖွဲ့တည်းခိုရာဟိုတယ်၌ ရန်ကုန်၊ မန္တလေးပရိသတ်များနှင့်ကြိုတင်တွေ့ဆုံ မည်ဟု ဦးဝင်းနေစိုးက ပြောသည်။

ပြီးခဲ့သည့် ဧပြီကသုဝဏ္ဏအားကစားရုံတွင်ပြုလုပ်ခဲ့သော ကေပေါ့ပ်ဖျော်ဖြေပွဲ၌ MIB အဖွဲ့အပါအဝင် Girl's Day, Tint, Dal Shabet အဖွဲ့များ လာရောက်ဖျော်ဖြေခဲ့ရာ အမြင့်ဆုံးလက်မှတ်ဈေး တစ်သိန်းကျပ်ဖြစ်သော် လည်း ပရိသတ်အားပေးမှုရရှိခဲ့သည်။ ထိုဖျော်ဖြေပွဲသည် မြန်မာနိုင်ငံတွင် ပထမဆုံးလာရောက်ဖျော်ဖြေ
သော ကေပေါ့ပ်အဖွဲ့များအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

‘‘ပထမလေးဖွဲ့လာတဲ့အထဲမှာ နာမည်ကြီးတာက Girl's day က နာမည်ကြီးပြီးတော့တကယ့် တကယ်
ပေါက်သွားတော့ MIB က သွားပေါက်တယ်။ MIB က ပရိသတ်လက်ခံဆုံး သွားဖြစ်တဲ့အတွက် သူတို့က လည်း ဒါကို အသိအမှတ်ပြုတယ်။ မြန်မာနိုင်ငံက သူတို့ကိုလက်ခံတဲ့အတွက် ရန်ကုန်တင်မကဘူး။ မန္တလေးမှာလည်း ပထမခြေလှမ်းအနေနဲ့ ချချင်ပါတယ်ဆိုပြီးတော့ MIB ကလည်းတောင်းဆိုလာပါတယ်။ ဒီတော့ ဟိုဘက်က အဖွဲ့ရဲ့ သဘောရော၊ဒီကပရိသတ်တွေရဲ့သဘောရော ဒီနှစ်ခုကိုပေါင်းပြီးတော့ ကျွန်တော်တို့က စီစဉ်ပေးတာပါ’’ဟု ဦးဝင်းနေစိုးက ပြောသည်။

MIB Solo Concert အတွက် လက်မှတ်ဈေးမသတ်မှတ်ရသေး၍ လက်မှတ်ဈေးကို ထပ်မံကြေညာ ပေးမည် ဟု ဆိုသည်။

အဆိုပါပွဲသို့ MIB အဖွဲ့နှင့် အတူ ဧည့်သည်အဆိုတော်အဖြစ် တောင်ကိုရီးယားတွင် မကြာသေးမီက ဖွဲ့ စည်းထားသော မိန်းကလေးလေးဦး ပါဝင်သည့် 4ten အဖွဲ့လည်းပါဝင်မည်ဟု သိရသည်။

ကြူကြူဟန် | 7day





မှတ်ချက်များ