PR စနစ်ကို ကျင့်သုံးပါက လွှတ်တော်တွင်အရေးကြီးသည့် ဥပဒေများပြဌာန်းရာတွင် နှောင့်နှေးကြန့် ကြာနိုင်သည်ဟုဆို


အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးပါက လွှတ်တော်တွင် အရေးကြီးသည့် ဥပဒေများပြဌာန်း ရာ၌ နှောင့်နှေးကြန့်ကြာနိုင်သည်ဟု နိုင်ငံရေး စာရေးဆရာ ဦးထင်လင်းဦးက မဇ္ဈိမကို ပြောသည်။

သြဂုတ်လ ၁၆ ရက် ရာမာခရစ်သျှနာခန်းမတွင် ပြုလုပ်သည့် PR (အချိုးကျ ကိုယ်စားပြုစနစ်အကြောင်း သိကောင်းစရာ) ခေါင်စဉ်ဖြင့် ဟောပြောပွဲအပြီး မဇ္ဈိမကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းဟောပြောပွဲတွင် ဦးထင်လင်းဦးက PR စနစ်၏ ကောင်းကျိုး ဆိုးကျိုးများကို ဟောပြောသွားခဲ့ပြီး တရား လွှတ်တော်ရှေ့နေ ဦးကိုနီက PR စနစ်ကို ဥပဒေပညာဖြင့် ချည်းကပ်၍ ဟောပြောခဲ့သည်။

“PR စနစ်ရဲ့ ဆိုးကျိုးတွေက လွတ်တော်ထဲမှာ အသံစုံပြီး ပြဿနာတွေ တက်နိုင်တယ်။ ဘယ်ပါတီကမှ အားအသာမရနိုင်တဲ့အတွက် ဒီမိုကရေစီကို ဖော်ဆော်တဲ့နေရာမှာ အရေးကြီးတဲ့ ဥပဒေတွေ ပြဌာန်း တဲ့နေရာမှာ နှောင့်နှေးကျန့်ကြာမှုတွေ ဖြစ်နိုင်တယ်”ဟု ဦးထင်လင်းဦးက ဆက်လက်ပြောကြားသည်။

ထိုစနစ်သည် ကောင်းကျိုးအနေဖြင့် မဲဆန္ဒရှင်တိုင်း၏ အချိုးကျ ကိုယ်စားပြု ကိုယ်စားလှယ်များ လွှတ်တော် တွင် ရောက်ရှိလာနိုင်ခြင်း၊ ပါတီအားလုံး၏ ကိုယ်စားလှယ်များ လွှတ်တော်တွင်း ရောက်ရှိ လာနိုင်ခြင်း၊ လွှတ်တော်တွင် အယူအဆ စုံလင်စွာ ရောက်ရှိလာနိုင်ခြင်း၊ ပါတီကြီးတစ်ခုတည်း သဘော တူညီချက်ဖြင့် ဆုံးဖြတ်ချက်များ မချမှတ်နိုင်ခြင်းတို့ဖြစ်သည်ဟု ရှင်းပြသည်။

ရှေ့နေ ဦးကိုနီက “ ကျွန်တော်တို့က PR ကိုမကောင်းဘူးလို့ အတင်းအကျပ်ကြီး ပြောနေတာ မဟုတ်ပါ ဘူး။ ကောင်းတဲ့အချက်တွေလည်း ရှိပါတယ်။ သုံးတဲ့နိုင်ငံတွေလည်း သုံးနေပါတယ်။ ဒါပေမယ့် ကျွန်တော့် တိုင်းပြည်နဲ့ သင့်မသင့်၊ ကောင်းကျိုးဆိုးကျိုး ဘယ်ဟာ ပိုများလဲဆိုတာ စဉ်းစားဖို့ပါ။ ”ဟု ဟောပြောပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ၌ ရွေးကောက်ပွဲများတွင် လက်ရှိကျင့်သုံးနေသည့် မဲဆန္ဒနယ်အလိုက် မဲအများဆုံးသူ အနိုင်ရ သည် စနစ် (First-past-the-post) အစား အချိုးကျကိုယ်စားပြုစနစ်(ပီအာရ်) ကို ကျင့်သုံးရန် ကြိုးပမ်းနေခြင်းဖြစ်သည်။


NDFပါတီက ဇွန်လ ၈ ရက်က အမျိုးသားလွှတ်တော၌် ရွေးကောက်ပွဲများတွင် ပီအာရ် စနစ် ကျင့်သုံးရန် အဆိုတင်သွင်းခဲ့သည်။ ယင်းကို အမျိုးသားလွှတ်တော်က ငါးရက်အကြာတွင် မဲခွဲခဲ့ရာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ၊ တိုင်းရင်းသားပါတီများနှင့် တပ်မတော်သားတို့က ကန့်ကွက်ခဲ့ကြသည်။ သို့ သော် အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဝင်များက ထောက်ခံသဖြင့် ပီအာရ်ကျင့်သုံးရေးအဆို အမျိုးသားလွှတ်တော်တွင် အနိုင်ရခဲ့သည်။

ယင်းအပြင် NDFပါတီက ပီအာရ် စနစ်ကို ကျင့်သုံးရန် ပြည့်သူ့လွှတ်တော်တွင် ဇူလိုင် ၂၄ ရက်က အဆို တင်သွင်းခဲ့ပြီး အဆိုပါနေ့တွင် တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်များအပါအ၀င် လွှတ်တော် ကိုယ် စားလှယ် ၄၀ ကျော်က ယင်းအဆိုကို ကန့်ကွက်သည့်အနေဖြင့် လွှတ်တော်တက်ရောက်ခြင်းမရှိခဲ့ပေ။

ယင်းအပြင် ပီအာရ်စနစ် မကျင့်သုံးရန် ရန်ကုန်နှင့် ပြည်တွင် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့သေးသည်။

ယုဝေ | mizzima

မှတ်ချက်များ