ရန်ကုန်မြို့တော်တွင် ကျူးကျော်နေထိုင်သူ ၄ သောင်းနီးပါးရှိ

ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ ကျူးကျော်တဲများ
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း ကျူးကျော် ဝင်ရောက် နေထိုင်တဲ့ အိမ်ခြေ ၄ သောင်း နီးပါးရှိတယ်လို့ ရန်ကုန်မြို့တော်ဝန်က ပြောကြား လိုက်ပါတယ်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ကျူးကျော် နေထိုင်သူ အများစုဟာ အခြေတစိုက် နေထိုင်သူတွေ မဟုတ်ဘဲ အခြားပြည်နယ်တိုင်း တွေက ဝင်ရောက်လာ သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က “ရန်ကုန်မြို့တော် စည်ပင်သာယာရေး နယ်နိမိတ် အတွင်းရှိ မြို့နယ် ၃၃ မြို့နယ်မှာ ကျူးကျော် ဝင်ရောက်လာတဲ့ မြေမဲ့ယာမဲ့ အိမ်ခြေ အရေအတွက်က ၃၈၀၀၀ ခန့်ရှိကြောင်း ကောက်ယူရရှိတဲ့ စာရင်းအရ သိရှိရပါတယ်။ ဒါ့ကြောင့် ကျူးကျော်ဝင်ရောက်လာတဲ့မြေမဲ့ယာမဲ့တွေကို မြေ ငှားချထားပေးနိုင်ရေး လုံလောက်တဲ့ မြေလွတ်ဧရိယာမရှိတဲ့အတွက် ရန်ကုန်တိုင်းဒေသ အတွင်းရှိ မြေအိမ် ရာမရရှိသူတွေအတွက် မြေငှားတွေ ချထားပေးခြင်းအစား သင့်တင့်လျောက်ပတ်တဲ့ ဈေးနှုန်းရှိ အိမ်ရာစီ မံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး အိမ်ခန်းတွေ လစဉ်ငှားရမ်းခနဲ့ အရစ်ကျပေးချေတာ၊ ဘဏ်တွေနဲ့ချိတ်ဆက်ပြီး အရစ်ကျနှစ်တို နှစ်ရှည်ချေးငွေနဲ့ ရောင်းချတာကသာမြန်ဆန်ပြီး အကျိုးပိုမိုရှိစေ မှာဖြစ်ပါတယ်” လို့ ပြောပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ကျူးကျော်နေထိုင်သူတွေကို မြေအငှားချဖို့ လုံလောက်တဲ့ မြေလွတ်မရှိတဲ့အတွက် ပြည်ထောင်စုအစိုးရအဖွဲ့ကို ဆက်လက်တင်ပြပေးမယ်လို့ ဆိုပါတယ်။ရန်ကုန်တိုင်းအစိုးရအဖွဲအနေနဲ့ ကျူးကျော်ပြဿနာကို ကျန်ရှိတဲ့အစိုးရသက်တမ်းအတွင်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်တွေက ဆိုပါတယ်။

လှိုင်သာယာမြို့ နယ်မဲဆန္ဒနယ် အမှတ် ၁ က လွှတ်တော်အမတ် ဦးကျော်မျိုးက “ရန်ကုန်တိုင်းမှာ မြို့သစ်စီမံကိန်းတွေ အကြီးကြီးလုပ်ပေမယ့် ဒီအခြေခံလူတန်းစားတွေက ပါမသွားနိုင်ဘူးဆိုရင် ဒီရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဟာ ဘယ်လောက်ပဲ ဖွံ့ဖြိုး တိုးတက်တယ်ပြောပြော ဒီမြေမဲ့ယာမဲ့ ကျူးကျော်တွေ မကိုင်သရွေ့၊ သူတို့ကို နေရာမချထားသရွေ့ ဖွံ့ဖြိုးတိုးတက်တယ်လို့ ပြောလို့ မရနိုင် ပါဘူး”လို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလပိုင်းအတွင်းက လှိုင်သာယာမြို့နယ် ၅ ရပ်ကွက်က ပီမိုးနင်းလမ်းမှာ ကျူးကျော် အိမ်တွေ ဆောက်လုပ်တာ ညတွင်းချင်း အိမ်အလုံး ၁ ထောင်နီးပါးလောက် ဖြစ်သွားသလို ဖယ်ရှားဖို့ ကြိုး စားတဲ့ အာဏာပိုင်တွေနဲ့ ပဋိပက္ခဖြစ်ကြတဲ့ အခြေအနေအထိ ရောက်ခဲ့ဖူးပါတယ်။

ဒါအပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်က ပန်းလှိုင်တံတားအောက်၊ တွံတေးမြို့နယ် အပိုင်ဘက်က မြေနု ကျွန်းတွေမှာ ကျူးကျော်တဲ့သူတွေနဲ့ ဖယ်ရှားတဲ့ အာဏာပိုင်တွေ ပဋိပက္ခ ဖြစ်ခဲ့တာတွေ ရှိပါတယ်။

DVB

မှတ်ချက်များ