ရဲကားနှင့်တိုက်မိမှုကြောင့် မြန်မာအလုပ်သမား ၃ ဦး သေ၊ ၂ ဦးဒဏ်ရာရ

ထိုင်းနိုင်ငံမြောက်ပိုင်း လန်ပန်ခရိုင် လန်ပန်မြို့မှာ ထိုင်း ရဲကားတစီးနဲ့ မော်တော်ဆိုင်ကယ် ၂ စီး တိုက်မိပြီး ဆိုင်ကယ်စီးတဲ့ မြန်မာအလုပ်သမား ၃ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရတယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသ တင်းမှာ ဖော်ပြပါတယ်။

လမ်းပန်းမြို့ ပုန်ဆိုင်ထောင်းန်ရပ်ကွက် ချင်းမိုင် - လန် ပန် စူပါဟိုက်ဝေးလမ်းမကြီးပေါ်မှာ စက်တင်ဘာ ၂၅ ရက် မနက် ၂ နာရီကျော်က ယာဉ်တိုက်မှု ဖြစ်ပွား
ကြောင်း သတင်းပေးချက် လက်ခံရရှိပြီး တာဝန်ရှိရဲ တပ်ဖွဲ့ဝင်နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်စစ်ဆေးရာမှာ ပွဲချင်းပြီး သေဆုံးသူ ၃ ဦး နဲ့ ဒဏ်ရာရသူ ၂ ဦးတို့ကို တွေ့ရှိခဲ့တယ်လို့ လန်ပန်ခရိုင် မြို့မရဲစခန်းက အထူးစုံစမ်းစစ်ဆေးရေးအရာရှိ ဗိုလ်မှူး ကမွန်း ခစ် အန်က သတင်းထောက်တွေကို ပြောပါတယ်။

ဆက်လက်စစ်ဆေးချက်အရ တိုယိုတာ အဖြူရောင် မှန်လုံကားဟာ အမှတ် ၅ ဒေသ ရဲတပ်ဖွဲ့ရဲ့ကားဖြစ်ပြီး ယာဉ်မောင်းသူမှာလည်း ဒုတပ်ကြပ် ဖိထတ်ဖုန်းကျိုင်မာ အသက် ၂၆ နှစ်ဖြစ်ကြောင်း၊ တာဝန်ဝတ္တရားအရ ဖစ်ခ်ျပူရီခရိုင်ကို အသွားလမ်းမှာ မိုးရွာနေပြီး လမ်းပြောင်းပြန်မောင်းလာတဲ့ ဆိုင်ကယ် ၂ စီးကို တိုက်မိခဲ့ တာလို့ ထိုင်းရဲအရာရှိက ဆက်ပြောပါတယ်။

သေဆုံးသူ ၃ ဦးမှာ မြန်မာအလုပ်သမားတွေ ဖြစ်ပြီး ဒဏ်ရာရသူ ၂ ဦးကတော့ ကားမောင်းသူ ထိုင်းရဲတပ် ကြပ် နဲ့ အခြားမြန်မာအလုပ်သမားတဦးတို့ဖြစ်ကာ လန်ပန်ဆေးရုံကြီးမှာ တင်ထားတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒီဗွီဘီက လန်ပန်ခရိုင်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ ယာဉ်မတော်တဆဖြစ်မှု ဟာ စက်တင်ဘာ ၂၄ ရက် ည ၁၁ ခွဲက ဖြစ်ခဲ့တာဖြစ်ပြီး ဒီမနက်မှ တိုင်ကြားချက် လက်ခံရရှိကြောင်း၊ သေ ဆုံးသူ ၃ ဦး နဲ့ ဒဏ်ရာရသူ ၁ ဦးတို့ဟာ မြန်မာအလုပ်သမားတွေ ဖြစ်ကြပြီး မှတ်ပုံတင်အထောက်အထား မတွေ့ဘူးလို့ တာဝန်ကျ ရဲဝန်ထမ်းက ပြောပါတယ်။

ဒဏ်ရာရ သူတဦးမှာလည်း ဒဏ်ရာပြင်းထန်တဲ့အတွက် အသေးစိတ် စစ်ဆေးမေးမြန်းခြင်း မပြုနိုင်သေး
ကြောင်း၊ လောလောဆယ် သေဆုံးသူ ၃ ဦးရဲ့ အထောက်အထားကို ရရှိဖို့ သက်ဆိုင်ရာ အလုပ်သမားရုံးနဲ့ ဆက်သွယ် အကြောင်းကြားထားသလို မိဘဆွေမျိုးတွေနဲ့လည်း ဆက်သွယ်နိုင်ဖို့ ကြိုးစားနေကြောင်း၊ သေဆုံးသူ အားလုံး အသက် ၃၀ ကျော် လူရွယ်ပိုင်းတွေ ဖြစ်တယ်လို့ လမ်းပန်းရဲစခန်းက ပြောသွားပါ တယ်။

နန်းမြနဒီ | DVB

မှတ်ချက်များ