IS အဖွဲ့၏ စီးပွားရေး အခြေခံဖြစ်သည့် ရေနံတွင်းနှင့် ရေနံချက်စက်များကို အမေရိကန် ဗုံးကြဲ


အမေရိကန် ဦးဆောင်သည့် မဟာမိတ် နိုင်ငံအချို့၏ လေကြောင်းတိုက်ခိုက်မှုများသည် ယခုအခါ အစ္စ လာမ်မစ် နိုင်ငံတော် (IS)အဖွဲ့က ထိန်းချုပ်ထားသည့် ရေနံချက် စက်ရုံများကို ပစ်မှတ်ထား ဦးတည် လာကြောင်း သိရသည်။

အမေရိကန်နှင့် အာရပ်နိုင်ငံ အချို့တို့မှ တိုက်လေယာဉ်များသည် စက်တင်ဘာ (၂၄)ရက်တွင် IS အဖွဲ့က ထိန်းချုပ်ထားသည့် ဆီးရီးယား ပိုင်နက်အတွင်းမှ ရေနံတွင်းများ၊ ရေနံချက် စက်ရုံများကို ဗုံးကြဲခဲ့သည်။ ထိုရေနံတွင်းများသည် IS တပ်ဖွဲ့ကို ဘဏ္ဍာရေး တောင့်တင်းအောင် အဓိက ထောက်ပံ့ပေးနေသည့် ရင်းမြစ်များလည်း ဖြစ်သည်။

အမေရိကန်၏ နောက်ဆုံး နည်းဗျူဟာသစ်သည် IS အဖွဲ့၏ ငွေရေးကြေးရေး ခိုင်မာတောင့်တင်းမှုကို ဖြိုခွဲရန် ဦးတည်လာသည်။ ရွေ့လျားနိုင်သည့် ရေနံချက် စနစ်များကို အသုံးပြုကာ IS အဖွဲ့အနေဖြင့် တစ်နေ့လျှင် အမေရိကန်ဒေါ်လာ (၂)သန်းမျှ ဝင်ငွေရရှိနေကြောင်း ပင်တဂွန် စစ်ဌာနချုပ်၏ ပြောရေး ဆိုခွင့်ရ အရာရှိ နောက်တန်း သေနာပတိ ဂျွန်ကာဘီက CNN သို့ ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျနှင့် UAE နိုင်ငံတို့မှ တိုက်လေယာဉ်များသည် အမေရိကန် လေယာဉ်များနှင့်အတူ လိုက်ပါပျံသန်းကာ စက်တင်ဘာ (၂၄)ရက်က ဆီးရီးယားရှိ ပစ်မှတ်နေရာ (၁၂)ခုကို တိုက်ခိုက်ကာ ရွေ့လျား ရေနံချက် စက်ရုံငယ်များကို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်အတိုင်း တိတိကျကျ တိုက်ခိုက် ချေမှုန်းနိုင်ခဲ့တယ်လို့ အလေးအနက် ယုံကြည်ပါတယ်။ မျှော်မှန်းထားတဲ့ ပစ်မှတ်နေရာတွေကို ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးအောင် ကျွန်တော် တို့ လုပ်ဆောင်နိုင်ခဲ့တယ်”ဟု ကာဘီက မှတ်ချက်ပြုခဲ့သည်။

အမေရိကန် ဦးဆောင်သည့် လေတပ်ပူးပေါင်း စစ်ဆင်ရေး လှုပ်ရှားမှုများတွင် နောက်ထပ် မဟာမိတ်များ လည်း ပူးပေါင်း ပါဝင်လာနေပြီး နယ်သာလန် နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း IS အဖွဲ့ကို တိုက်ခိုက်ရန် အတွက် F-16 တိုက်လေယာဉ် (၆)စီးနှင့် စစ်သည် (၂၅၀)တို့ကို အီရတ်သို့ စေလွှတ်ပေးမည်ဟု ကြေညာ သည်။ ဘယ်လ်ဂျီယံ နိုင်ငံခြားရေး ဝန်ကြီး ဒီဒီယာ ရိုင်ဒါစ်ကလည်း ဗုံးကြဲနေသည့် စစ်ဆင်ရေးများတွင် ပါဝင်ကူညီရန်အတွက် တိုက်လေယာဉ် (၆)သီး စေလွှတ်ပေးရေးအတွက် လွှတ်တော်ကို ဖိအားပေး တောင်းဆိုမည်ဟု ကတိပြုခဲ့သည်။

7day

မှတ်ချက်များ