တယ်လီနော ကွန်ရက်ဖြန့်ကျက်မှု ဘာအခက်အခဲ ကြုံနေရလဲ
အပြိုင်အဆိုင်ဖြစ်လာတဲ့ မြန်မာပြည်ဆက်သွယ်ရေးနယ်ပယ်မှာ နော်ဝေအခြေစိုက် တယ်လီနောကုမ္ပဏီ ဟာ ဒီနှစ် ဇန်နဝါရီကစပြီး စစ်ကိုင်း၊ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတွေမှာ ကွန်ရက်ချိတ်ဆက်မှုတွေ စတင် လိုက်ပြီး တစ်လကို ဆင်းကတ် ၁.၅သန်း ဖြန့်ဖြူးသွားမယ်လို့ ဇန်နဝါရီ ၂၂ရက်မှာ ပြောလိုက်ပါတယ်။ တယ်လီနော ဘာအခက်အခဲတွေ ရင်ဆိုင်နေရသလဲ။
4G ကွန်ရက်အဆင့် ဖြန့်ကျက်ဖို့က မြန်မာပြည်မှာသုံးစွဲနေတဲ့ ဖုန်းဟန်းဆက်တွေနဲ့ မြန်မာအစိုးရရဲ့ ခွင့်ပြုမှု
နှစ်အပေါ် မူတည်နေတာ ဖြစ်တဲ့အကြောင်း၊ ပြီးခဲ့တဲ့ နိုဝင်ဘာနဲ့ဒီဇင်ဘာမှာ လိုင်းအရည်အသွေး မကောင်း လို့ ဆင်းကတ်ဖြန့်ချိမှုကို လျှော့ချခဲ့တဲ့အကြောင်း၊ လစဉ် ၁.၅သန်း ဆင်းကတ်တွေ ဖြန့်လိုက်တာ မို့ မှောင်ခို
ဈေးကွက် ပျောက်သွားမယ်လို့ အမှုဆောင်အရာရှိချုပ်က ပြောပါတယ်။
ပဲခူးမြို့ တောင်ပိုင်းမှာ တယ်လီနောဆင်းကတ်တွေ ဖြန့်ချိဖို့တာဝန်ယူထားသူ ကိုထွန်းဝင်းအောင်က ဆိုင် ၆ဝဝကျော်မှာ ၄ဝဝကျော် ဖြန့်ဝေပြီးဖြစ်တာမို့ အခုလ ၁၃ရက်နေ့ကစပြီး ဆင်းကတ် ၂သောင်းကျော်၊ စုစု
ပေါင်း ကျပ်သိန်း ၂ထောင်ကျော်ဖိုး ရောင်းနေရပြီလို့ ဆိုပါတယ်။
လက်ရှိ ဖုန်းအရောင်းဆိုင်တွေဟာ တယ်လီနော်ဆင်းကတ်ကို အနည်းဆုံး ကျပ် ၃ထောင်တန် ငွေဖြည့် ကတ်တွေနဲ့ တွဲရောင်းနေပြီး၊ လိုင်းတွေကလည်း ဖွင့်ခါစမို့ သိပ်မကောင်းသေးသလို အင်တာနက်လိုင်း Indoor လုံးဝမမိဘူးလို့ ပဲခူးမြို့က တယ်လီနောသုံးသူ မလှသူဇာက ပြောပါတယ်။
မြန်မာဝန်ထမ်း ၅ဝဝလောက် အလုပ်ခန့်ထားပြီးဖြစ်တဲ့ တယ်လီနောကုမ္ပဏီဟာ လာမယ့် ဖေဖော်ဝါရီမှာ ကရင်နဲ့မွန်ပြည်နယ်ဘက်တွေဆီ ကွန်ရက်ဆက်လက်ဖြန့်ကျက်သွားမှာဖြစ်ပြီး အင်တာနက်မြန်နှုန်းမြင့် လာဖို့ ထိုင်းနိုင်ငံနဲ့ချိတ်ဆက်ထားတဲ့ ဖိုက်ဘာလိုင်းကို ဖေဖော်ဝါရီမှာ အပြီးသတ်ဖွင့်လှစ်သွားမယ်လို့ ဆိုပါတယ်။
kamayutmedia

မှတ်ချက်များ