အစ္စရေးတွင် ဘတ်စ်ကားပေါ်၌ လူ ၁၀ ဦး ဓားထိုးခံရ


အစ္စရေးနိုင်ငံ တယ်လ်အဗစ်မြို့လယ်၌ ဘတ်စ်ကား တစီးပေါ်တွင် ပါလက်စတိုင်း တဦးက ခရီးသည်များကို ဓားနှင့် ထိုး၍ တိုက်ခိုက်ခဲ့ရာ ၁၀ ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

ယနေ့ နံနက်ပိုင်းက မာရစ်ဗ် တံတားထက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ဘတ်စ်ကားပေါ်ပါသူများအပြင်ယာဉ် အနီးမှ သူများပါ တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

တရားခံသည် ခြေထောက်တွင် သေနတ်ဒဏ်ရာရပြီးနောက် အခင်းဖြစ်ပွားရာမှ ထွက်ပြေးရန် ကြိုးပမ်းခဲ့|
သော်လည်း ရဲများက ဖမ်းဆီးနိုင်ခဲ့သည်။

ဓားထိုးခံခဲ့ရသူများအနက် ၃ ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရသော အနေအထားတွင် ရှိသည်။

အဆိုပါ တံတားကို ယာယီ ပိတ်ထားခဲ့ရသည်။ အကြမ်းဖက်တိုက်ခိုက်ခဲ့သူမှာ ၀က်စ်ဘန့်ခ်ရှိ တူလ်ကာ ရမ်မြို့မှ ဖြစ်ပြီး အသက် ၂၃ နှစ်ရှိကြောင်း သိရသည်။

"အကြမ်းဖက်သမားဟာ ယာဉ်မောင်းကို ဓားနဲ့ အချက်ပေါင်းများစွာ ထိုးဖို့ ကြိုးစားခဲ့ပေမဲ့ ယာဉ်မောင်းက ငရုတ်ကောင်းစပရေးနဲ့ ပြန်ခုခံနိုင်ခဲ့တယ်" ဟု မျက်မြင်သက်သေတဦးက ဆိုသည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟူက ယင်းတိုက်ခိုက်မှုနှင့် စပ်လျဉ်း၍ ပါလက်စတိုင်းခေါင်းဆောင် မာမွတ်အာဘတ်စ်ကို ပြစ်တင်ဝေဖန်လိုက်သည်။

"ဂျူးလူမျိုးတွေနဲ့ ဂျူးနိုင်ငံတော်ကို ဆန့်ကျင်ဖို့ လှုံ့ဆော်ခဲ့တဲ့ ပါလက်စတိုင်းအာဏာပိုင်တွေရဲ့ လှုံ့ဆော်မှုနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ရလဒ်တခုပါ" ဟု ၎င်းက ပြောကြားသည်။

တိုက်ခိုက်မှုများကို ပါလက်စတိုင်းတို့က လှုံ့ဆော်ပေးနေခြင်း ဖြစ်ကြောင်း အစ္စရေးအစိုးရက အကြိမ်ကြိမ် စွပ်စွဲခဲ့ဖူးသည်။

ပါလက်စတိုင်းကို နိုင်ငံတကာရာဇ၀တ်ခုံရုံး (ICC) အဖွဲ့ဝင်နိုင်ငံ ဖြစ်လာရန် ကြိုးပမ်းအားထုတ်မှုနှင့် စစ်သွေးကြွအဖွဲ့ ဟာမတ်စ်နှင့် ပူးပေါင်းနေမှုကြောင့် မစ္စတာအာဘတ်စ်အား အစ္စရေးအစိုးရက ဒေါသ ထွက်လျက်ရှိသည်။

စစ်အခြေစိုက်စခန်းများ ချဲ့ထွင်လာနေခြင်းကဲ့သို့သော အစ္စရေး အစိုးရ၏ မူဝါဒများအပေါ် ပါလက်စတိုင်း ဘက်မှလည်း တန်ပြန် ပြစ်တင်လိုက်သည်။

ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုအပေါ် ကာတာမှ ဟာမတ်ထိပ်တန်းအရာရှိတဦးက ဂုဏ်ပြုချီးမွမ်းခဲ့သည်။

နောက်ဆုံးဖြစ်ပွားခဲ့သည့် ဂါဇာကမ်းမြောင်စစ်ပွဲအတွင်း ပါလက်စတိုင်း ၂၁၀၀ ထက်မနည်း သေကျေခဲ့ရပြီး အစ္စရေး စစ်သားနှင့် ပြည်သူ စုစုပေါင်း ၈၀ ဦးခန့် သေဆုံးခဲ့သည်။

ကျော်လင်းထွန်း | News Watch(စောင့်ကြည့်သတင်းဂျာနယ်)

မှတ်ချက်များ