ထိုင်းတောင်ပိုင်း လိပ်ကျွန်းတွင် ဗြိတိန် ၁ ဦးသေဆုံး


ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန် အမျိုးသမီးတဦး ထပ်မံသေဆုံး သွားတယ်လို့ နိုင်ငံတကာ သတင်းတွေမှာ ရေးပါတယ်။

ဇန်န၀ါရီ ၂၁ ရက်နေ့က သေဆုံးခဲ့တာ ဖြစ်သလို သေဆုံးသူဟာ အသက် ၂၃ နှစ် ခရစ္စတီးနား အန်နစ္စလေ
ဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးသူ အလောင်းကို Intouch ရီဆော့မှာ တွေ့ရှိခဲ့တာ ဖြစ်သလို ဓနသဟာယနိုင်ငံများရုံး ပြောခွင့်ရ က သေဆုံးမှုကို အတည်ပြုခဲ့ပါတယ်။

မိဘတွေနဲ့ ရဲတွေကတော့ သေဆုံးရာမှာ ရာဇ၀တ်မှုနဲ့ ပတ်သတ်တဲ့ အရာ မတွေ့ရသလို ၉၆ ပါးရောဂါနဲ့ ကွယ်လွန်တာလို့ ပြောပါတယ်။

ခန္ဓာကိုယ်မှာ တိုက်ခိုက်ခံထားရတဲ့ ဒဏ်ရာလည်း မရှိသလို သူအခန်းထဲမှာ ဆေး ၃ မျိုးတွေ့ခဲ့ရပြီး မူးယစ်
ဆေးဝါးတွေတော့ မဟုတ်ဘူးလို့ ရဲတပ်ဖွဲ့အကြီးအကဲက ပြောပါတယ်။

သူရဲ့အလောင်းကိုတော့ ဇန်န၀ါရီ ၂၄ ရက်နေ့ ဆူရတ်ထာနီကို ပို့ဆောင်ပြီး သေမှုသေခင်း စစ်ဆေးမှာဖြစ် သလို ဇန်န၀ါရီ ၂၅ ရက်နေ့ မတိုင်ခင်အထိတော့ စစ်ဆေးပြီးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဇန်န၀ါရီ ၇ ရက်မှာ ခရစ္စတီးနားက ထိုင်းကို ရောက်ရှိလာပြီး ဇန်န၀ါရီ ၁၅ ရက်မှာ လိပ်ကျွန်းကို ရောက်ရှိ တာလည်း ဖြစ်ပါတယ်။

ထိုင်းခရီးစဉ်အတွင်းမှာတော့ သူမဟာ ရင်ဘတ်နာတာကို ခံစားခဲ့ရကြောင်း ဇန်န၀ါရီ ၂၁ ရက်က လူမှုရေး ကွန်ရက် တွစ်တာ စာမျက်နှာမှာ ရေးသားထားပါတယ်။

ဒီနောက်ပိုင်းမှာတော့ မိဘတွေနဲ့ အဆက်အသွယ် ပြတ်သွားတယ်လို့လည်း မိဘတွေက ပြောပါ တယ်။

လိဒ်တက္ကသိုလ် ကျောင်းသူ ခရစ္စတီးနားဟာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦး ဖြစ်ပြီး ၂၀၁၁ ခုနှစ် လိဒ် လွတ်မြောက်ရေး လိဂ်ကို တည်ထောင်သူတဦးလည်း ဖြစ်ပါတယ်။

ဒီကျွန်းမှာ ဗြိတိန်နိုင်ငံက ဟန်နာ ၀ှစ်သာရစ်ခ်ျနဲ့ ဒေးဗစ်မေလာတို့ အရင်နှစ် စက်တင်ဘာက အသတ်ခံရ ပြီး မြန်မာ ၂ ဦးကို စွပ်စွဲဖမ်းဆီး တရားစွဲဆိုထားပါတယ်။

DVB


မှတ်ချက်များ