တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်မှာ ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂရဲ့”ဒေါင်းတို့အားမာန်” သံချပ်အဖွဲ့ရဲ့ ခွင့်ပြုချက်တောင်းခံထားတာကို ထားဝယ်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ပယ်ချလိုက်ပါတယ်။
မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ရုံးမှာ သံချပ်စာသားတွေနဲ့အတူ ဒီနေ့ ခွင့်ပြုချက်သွားတင်တဲ့အခါ ဘယ်အဖွဲ့အ စည်းကိုမှ လက်မခံကြောင်းပြောတယ်လို့ ထားဝယ်ခရိုင်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင် ကိုမင်းလွင်ဦးက ပြောပါတယ်။
“မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို စာသားနဲ့အတူ ဒီနေ့မှာကျနော်တို့ သွားပြီးတင်ရတယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနဲ့ တိုက်ရိုက်တော့ မတွေ့ဘူးခင်ဗျ၊ အဲ့ရုံးကတာဝန်ရှိတဲ့သူနဲ့တွေ့တယ်၊ ဒီရုံးကတာဝန်ရှိတဲ့သူက လက်မခံ ဘူးပေါ့၊ အဲ့လိုပြောလိုက်တယ်၊ ကျနော်တို့မတင်ခင်မှာ မြို့ပေါ်ကနေပြီးတော့ သံချပ်အဖွဲ့တွေ စာတင် တယ်လို့ပြောတယ်၊ အဲ့အဖွဲ့တွေကိုလည်း ခွင့်မပြုဘူးလို့ပြောတယ်၊ သင်္ကြန်မကျရင် နှစ်ရက်လောက် အလိုမှာပဲ သူတို့မြို့ထဲမှာ လိုက်အော်နေတာပေါ့၊ သင်္ကြန်သံချပ်ထိုးလို့ရှိရင် အစိုးရမကောင်းကြောင်း
တွေဆိုလို့ရှိရင် အရေးယူမယ် လို့ ကြော်ငြာနေတာတွေလည်းရှိတယ်”
မြို့နယ်အုပ်ချုပ်ရေးရုံးကို ဆက်သွယ်မေးမြန်းရာမှာ မြို့နယ်အုပ်ချုပ်ရေးမှူး မရှိတဲ့အတွက် လက်မခံ တာဖြစ်ကြောင်း ဖြေကြားပါတယ်။ စောစောပိုင်းကတော့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက ထား ၀ယ်မြို့နယ် အတွင်းမှာ လှည့်လည်ဖျော်ဖြေဖို့အတွက် သံချပ်အဖွဲ့တစ်ဖွဲ့ကို ခွင့်ပြုထားတယ်လို့ ပြောကြား ခဲ့ပါတယ်။
“ဒေါင်းတို့အားမာန်”သံချပ်အဖွဲ့ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် သင်္ကြန်ကာလကစပြီး ထားဝယ်မြို့နယ်အတွင်းမှာ ခွင့်ပြုချက်နဲ့ လှည့်လည်ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်။
တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တွေဟာ ရန်ကုန်၊ မန္တလေး၊ ပဲခူးနဲ့ မုံရွာမြို့တွေမှာ “ဒေါင်းမျိုးဆက်” သံချပ်အဖွဲ့နာမည်နဲ့ မနေ့ကစပြီး လှည့်လည်ဖျော်ဖြေနေပါတယ်။
RFA

မှတ်ချက်များ