အမြန်လမ်းပေါ်တွင် မန္တလာမင်း ခရီးသည်တင်ကားနှင့် ဟိုင်းလတ်ကားတစ်စီး တိုက်မိပြီး ဟိုင်းလတ်ပေါ်မှ ခရီးသည် ရှစ်ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သတင်းရရှိသည်။
ဧပြီ ၂၆ ရက် နံနက် ၁ နာ ရီခန့်က အမြန်လမ်းမိုင်တိုင်အ မှတ်(၂၃၈)နှင့် (၂၃၉) ကြားတွင် ထိုယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး ဟိုင်းလတ်ကားမှာ ဆိုးရွားစွာ ပျက်စီးသွားကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့နှင့် မျက်မြင်တွေ့ရှိသူများက ပြောသည်။
‘‘ဟိုင်းလတ်ကားက အလှူ ကိုသွားတဲ့ကားလို့ သိရတယ်။ ခရီးသည် ၂၂ ယောက်နဲ့ ကားသမားနှစ်ယောက်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် ခရီးသည် ရှစ်ယောက် သေဆုံးသွားတယ်။ ၁၄ ယောက် ဆေးရုံတင်ထားရတယ်’’ဟု အ မြန်လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးကပြောသည်။ ဒဏ်ရာရရှိသူ အားလုံး နေပြည်တော်ခုတင် တစ်ထောင်ဆေးရုံတွင် တင်ထား ကြောင်း သတင်းရရှိသည်။
မန္တလေးမှ ရန်ကုန်မြို့သို့ လာသည့် လမ်းပိုင်းတွင် အဆိုပါ ယာဉ်တိုက်မှုဖြစ်ပွားခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ ဟိုင်းလတ်ကားမှာလမ်းပေါ်စလစ် ဖြစ်၍ ဟန်ချက်ပျက်နေစဉ် မန္တလာမင်း ခရီးသည်တင်ယာဉ်က နောက်မှ ၀င်တိုက်မိခြင်းဖြစ် ကြောင်း အထက်ပါရဲအရာရှိက ပြောသည်။
မန္တလာမင်းကားပေါ်တွင် ခရီးသည် ၄၆ ဦး လိုက်ပါလာကာ ကားရှေ့ပိုင်း ပျက်စီးသွားသော်လည်း ခရီးသည် ထိခိုက်မှု မရှိကြောင်း သတင်းရရှိသည်။ ဟိုင်းလတ်မှာမူ ကားနောက်ခန်း ဘော်ဒီ ပြုတ်ထွက်သွားကြောင်း မျက်မြင်တွေ့ရှိသူအချို့က ပြောကြားသည်။
ဟိုင်းလတ်ကားတွင် ခရီးသည် ၂၄ ဦး တင်ဆောင်လာကြောင်းသိရသည်။ မြန်မာနိုင်ငံတွင် အသုံးပြုခဲ့သည်မှာ နှစ်ပေါင်း ၂၀ ခန့် ရှိပြီဖြစ်သည့် အဆိုပါကားများ အမြန်လမ်းပေါ်၌ ကီလို ၈၀ ခန့် မောင်းလျှင်ပင် ထိန်းသိမ်းရန် မလွယ်ကူကြောင်း မန္တလာမင်းခရီးသည်တင်ယာဉ်လိုင်းပိုင်ရှင်ဒေါ်လဲ့လဲ့အေးက ပြောကြားသည်။
၎င်းတို့ယာဉ်လိုင်းပိုင် ကားများမှာ သတ်မှတ်ထားသော အမြန်နှုန်းကီလိုတစ်ရာအထိသာ အော်တိုထိန်းချုပ်ထားသည့် ကားများဖြစ်သောကြောင့် မြန်နှုန်းမြင့် မောင်းနှင်ခြင်းမရှိကြောင်း ပြောသည်။
ဟိုင်းလတ် ကားပေါ်မှ သေဆုံးခဲ့သူ ရှစ်ဦးနှင့် ဒဏ်ရာရသူများ၏ နစ်နာမှုအတွက် ဥပဒေအရပြန်လည်ဖြေရှင်းပေးမည်ဟု ၎င်းက ဆိုသည်။
‘‘ကားပုံစံက အတော်ဆိုးတယ်။ အခုလို ခရီးသွားတာ၊လာတာများတဲ့ အချိန်ကာလမျိုးမှာ တာဝန်ရှိသူတွေကနေ ပညာပေးတာမျိုးနဲ့ ထိထိရောက်ရောက် စောင့်ကြည့်အရေးယူတာမျိုး လုပ်ပေးစေချင်တယ်’’ဟု နေပြည်တော်မှ ရန်ကုန်သို့ အပတ်စဉ်ပြန်နေသည့် အစိုးရ၀န်ထမ်း အမျိုးသမီးတစ်ဦးကပြောသည်။
မန္တလာမင်းခရီးသည်တင် ယာဉ်မောင်းကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဟိုင်းလတ်ကားယာဉ်မောင်းမှာ တိမ်းရှောင်နေကြောင်း သတင်းရရှိသည်။
7Day Daily

မှတ်ချက်များ