ဖိမာတ်ခ် ထိုင်းမင်းသား စစ်တပ်ထဲဝင်ရန် သွားရောက်အရွေးခံ






မြန်မာပရိတ်တွေအကြား ဖိမတ်ခ် မင်းသားလို့လူသိများတဲ့ ထိုင်းနိုင်ငံက နာမည်ကြီး ရုပ်ရှင်မင်းသား မာရီရို မောရေယာ Mario Maurer အသက် ( ၂၆ ) နှစ်ဟာ ထိုင်း တပ်မတော်ထဲ ၀င်ရောက် စစ်မှုထမ်းဆောင်ဖို့ ဧပြီလ ၇ ရက်နေ့က သွားရောက် အရွေးခံခဲ့ တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါ တယ်။

ထိုင်းနိုင်ငံမှာ အသက် ၁၈ နှစ် ပြည့်သူ လူငယ်တိုင်း စစ်ထဲဝင်ဖို့ အမည် စာရင်း တင်သွင်းခံရပေမယ့်လည်း တပ်မတော်က သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းနဲ့ ကိုက်ညီမှ တိုင်းပြည်တာဝန်ထမ်းဆောင်ခွင့်ရမှာ ဖြစ်ပါ တယ်။

မင်းသား မာရီရိုဟာ ထိုင်းတပ်မတော် ဘန်ကောက်ခရိုင် ပရ၀စ်နယ်မြေ ထဲမှာ စစ်သားအဖြစ် ၀င်ရောက် အရွေးခံဖို့ အမည်စာရင်းပါလာတာဖြစ်ပြီး သူသွားရောက်အရွေးခံတဲ့နေ့က မိသားစုဝင်တွေပါ လိုက်ပါ အားပေးခဲ့သလို သူ့ပရိတ်သတ်တွေကလည်း လူမှုကွန်ရက်စာမျက်နှာ ပေါ်ကနေ အားပေး စကားတွေ ရေးပေးပို့ခဲ့ကြပါတယ်။

ပရ၀စ်နယ်မြေထဲမှာ အမည်စာရင်းပါဝင်သူ လူရွယ် ၅၉၁ ဦးရှိပေမယ့် စစ်သားစုဆောင်းရေး အဖွဲ့ကတော့ ၉၄ ဦးကိုသာ ရွေးချယ်မှာ ဖြစ်ပါတယ်။ စာရင်းပါ ၅၉၁ ဦးအနက် ၁၂၄ ဦးမှာ ပညာသင်ကြားဆဲကာလမို့ ဆိုင်းငံ့ ထားပြီး ၊ တကယ့်စစ်သားအဖြစ် လျှောက်ထားသူက ၇၃ ဦးရှိပါတယ်။ဒါကြောင့် ကျန်၇ှိ သူ ၁၈၀ ဦးကို မဲနှိုက်တဲ့ စနစ်နဲ့ ရွေးချယ်ရာမှာ မဲစာရွက် အနီရသူသာ စစ်သင်တန်းတက်ရမှာ ဖြစ်ပြီး မဲစာရွက် အနက်ရသူက ပယ်ချခံရမှာ ဖြစ်ပါတယ်။ မင်းသားမာရီရို မဲနှိုက်ရာမှာ အနက်ရောင် မဲနှိုက် မိတဲ့အတွက် စစ်သင်တန်းတက်ရ မယ့်အခွင့်အရေး လက်လွတ်သွား ခဲ့ပါတယ်။

သတင်းယူဖို့ လာရောက်စောင့်ဆိုင်းနေကြတဲ့ သတင်းထောက်တွေက ဒီကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ သူ့အနေနဲ့ အထူးတလည် ပြင်ဆင် ထားတာမရှိသလို ၀တ္တရားအရ လာရောက်အရွေးခံရတာဖြစ်ကြောင်း ၊ ဘယ်လိုမှ စိတ်လှုပ်ရှားမှုမရှိကြောင်း ရုပ်ရှင်ရိုက်ဖို့ လက်ခံထားတာတွေ လည်းရှိသေးကြောင်း ဖြေဆိုခဲ့ ပါတယ်။

မင်းသား မာရီရိုဟာ ၂၀၁၃ ခုနှစ်က မြန်မာပြည်မှာ ပြသခဲ့တဲ့ ဖိမာတ်ခ် သရဲကားမှာ မင်းသမီးချော ဒါဝိကာ ဟိုရ်နေ့ နဲ့ တွဲဘက် သရုပ်ဆောင်ခဲ့ပြီး ထိုင်းနိုင်ငံမှာရော မြန်မာပြည်မှာပါ ပရိတ်သတ်အားပေးမှုရခဲ့တာဖြစ် ပါတယ်။

DVB

မှတ်ချက်များ