![]() |
| ၀မ်းစာရှာသူ ကလေးသူငယ်တွေ၊ ဆင်းရဲသား ကလေးငယ်တွေရဲ့ ရန်ကုန် သင်္ကြန်အကြိုနေ့ မြင်ကွင်းများ ဓါတ်ပုံ - ကိုစိန်သန်း Facebook |
ပြီးခဲ့တဲ့သင်္ကြန်က ကျွန်မတို့သူငယ်ချင်းတွေ စုပြီး မဏ္ဍပ်ထိုင် ကြတယ်။ မြင်မြင်သမျှ လန်းဆန်းကြည်နူးစရာ အတိပါ။ လူတွေကလည်း အဝတ်အစား အသစ်တွေဝတ်ပြီး မဏ္ဍပ်ပေါ်က သီချင်းမြူးမြူးလေးတွေနဲ့ ကခုန်နေကြသလို ရေပက်ခံကားတွေကလည်း စည်လိုက်တာဆိုတာ မပြောပါနဲ့တော့။ သင်္ကြန်ဆိုတာ ကျွန်မတို့ မြန်မာလူမျိုးတွေအတွက် အပျော်ရွှင်ရဆုံး ပွဲတော်တစ်ခုဆိုလည်း မမှားပါဘူး။
အဲဒီအချိန်မှာပဲ (၇)နှစ်သာသာ လောက်ရှိတဲ့ ကလေးလေး တစ်ယောက်ဟာ မဏ္ဍပ်အောက်ထဲမှာ ရေသန့်ဘူးခွံလေးတွေ၊ ဘီယာဘူးလေးတွေကို လိုက်ကောက်နေတာ ကျွန်မသတိထား လိုက်မိတယ်။ သူဟာ လူတွေအများကြီး ပျော်ရွှင်နေတာကို သတိမထားနိုင်လောက်အောင် စားဝတ်နေရေး ဂယက်ထဲမှာ နစ်မျောနေရရှာတယ်။
ဘယ်လောက်တောင် သနားစရာ ကောင်းလိုက်သလဲနော်။ သူတို့ဘဝ အနာဂတ်တွေက ဘယ်လိုတွေ များဖြစ်မှာပါလိမ့် ။ စဉ်းစားရင်းနဲ့ ကျွန်မရင်ထဲ မွန်းကြပ်လာတယ်။ ရခဲလှတဲ့လူ့ဘဝကို သူတို့ခမျာ ထမင်းနပ်မှန်ဖို့ အတွက်ပဲ ရုန်းကန်နေရရှာတာ။ ဘယ်မှာလဲ သူတို့အတွက် အသိပညာဆိုတာ၊ အတန်းပ ညာဆိုတာရော။ ဒါတွေမရှိဘဲ သူတို့ အနာဂတ်ဘယ်လိုလှပမှာလဲ။ သူတို့က ဖြစ်တည်လာမယ့် မျိုးဆက်တွေကရော ဘာတွေဖြစ်လာနိုင်မှာလဲ။ သူတို့အတိတ်ကံတွေကို ပြောင်းလဲလို့မရပေမယ့် ကျွန်မတို့ ကူပေးလို့ရနိုင်တယ် ဆိုတာကို တွေးမိလိုက်တယ်။ ကျွန်မတို့ လို လူလတ်တန်းစားတွေ၊ ပညာတတ် လူတန်းစားတွေမှာ တာဝန်ရှိနေတယ်လို့ ကျွန်မယူဆမိတယ်။
နောက်ဆုံးအနေနဲ့ အနှစ်ချုပ်လိုက်တော့ တစ်ဦးကိုတစ်ဦး ဖေးမကူညီပြီး လူမှုအကျိုးပြု လုပ်ငန်းတွေ ကိုယ်တတ်နိုင်သလောက် ပါဝင်လုပ်ဆောင်ကြမယ်ဆို ဆင်းရဲမွဲတေမှုတွေ လျော့ကျပြီး ကျွန်န်ုပ်တို့နေ ထိုင်ရာ ကမ္ဘာကြီး ပိုမိုသာယာလှပလာမှာမလွဲပါဘူး။
ဒါကတော့ သင်္ကြန်မှာ ကျွန်မရလိုက်တဲ့ သင်ခန်းစာလေးတစ်ခုပါ။ ဂန္ထဝင်ရဲ့ ပရိသတ်ကြီးလည်း သင်္ကြန်မှာ တွေ့ကြုံခဲ့တဲ့ အမှတ်တရဖြစ်ရပ်လေးတွေရှိရင် ပြန်လည်မျှဝေပေးဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ဂန္တဝင် မဂ္ဂဇင်း





မှတ်ချက်များ