အဂတိ လိုက်စားမှု စွပ်စွဲချက်ဖြင့် ရာထူးအမြင့်ပိုင်း အရာရှိ သုံးဦးကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေကြောင်း တရုတ်စစ်တပ်က ကြေညာခဲ့သည်။
ယင်းသည် တပ်တွင်း အဂတိလိုက်စားမှုများ တိုက်ဖျက်ရေးအတွက် အရှိန်မြှင့် စုံစမ်းလုပ်ဆောင်မှုများတွင် နောက်ဆုံး ပေါ်ပေါက်လာသည့် စစ်ဆေးမှုများ ဖြစ်သည်။ တရုတ် ဗဟိုစစ်ရေးကော်မရှင်၏ ဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားသည့် သမ္မတ ရှီကျင်းပင်သည် တပ်တွင်း ခြစားမှု၊ အဂတိ လိုက်စားမှုများကို တိုက်ဖျက်ရေးကို အဓိက ရည်မှန်းချက် တစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေသည်။
တရုတ်သည် တပ်ဖွဲ့ဝင် (၂.၃)သန်း ရှိသည့် ကမ္ဘာ့အင်အား အကြီးဆုံး စစ်တပ်ကို ဖွဲ့စည်း ပိုင်ဆိုင်ထားသည်။ တရုတ် ကာကွယ်ရေး ဝန်ကြီးဌာနက ဧပြီ ၂၇ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာ လန်ဇူ စစ်နယ်မြေမှ စီမံကိန်းရေးရာ ဌာနမှူး ဇန်ဂွီကူ၊ ဘေဂျင်း စစ်နယ်မြေမှ စီမံကိန်းရေးရာ ဌာနမှူး ဒေါင်မင်ရှင်းနှင့် အလယ်ပိုင်း ဟူဘေးဒေသမှ ဒုတိယ စစ်ဦးစီးဟောင်း ဇန်ဂျန်းတို့အား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း ဖော်ပြပါရှိသည်။
ဇန်မျိုးနွယ် အရာရှိ နှစ်ဦးသည် စစ်စည်းကမ်းအရ ကြီးမားသော ဖောက်ဖျက်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲခံထားရပြီး ဒေါင်ကမူ ဥပဒေ ချိုးဖောက်မှု တစ်ခု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ စစ်စည်းကမ်း ဖောက်ဖျက်မှုသည် ခြစားမှုကို ရည်ညွှန်း၍ အတိုကောက် သုံးနှုန်းထားခြင်းဖြစ်ပြီး အခြားအသေးစိတ် အချက်အလက်များကိုမူ ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ခြင်း မရှိချေ။ ဇန်မျိုးနွယ် နှစ်ဦးမှာ မျိုးရိုးအမည် တူသော်လည်း ဆွေမျိုးဆက်နွှယ်မှု မရှိဟုလည်း သိရသည်။
၎င်းတို့ သုံးဦး၏ အမှုများကို မတ်လအတွင်းတွင် စစ်ဘက် ရှေ့နေများက စတင် စစ်ဆေးခဲ့ကြောင်းလည်း သိရှိရသည်။ တရုတ်စစ်တပ်တွင် စီမံကိန်းရေးရာ ဌာနမှ တာဝန်ရှိသူများသည် ခြစားမှု စွဲချက်များနှင့် မကြာခဏ ရင်ဆိုင်ရလေ့ရှိပြီး ယင်းဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးဖြစ်သူ ဒုတိယ ဗိုလ်မှူးကြီး ဂူဂျွန်ရှန်းသည်လည်း ရာထူးနေရာ ခန့်အပ်မှုများတွင် လာဘ်ယူမှုများ ပြုလုပ်ခဲ့ကြောင်း မသင်္ကာမှုအတွက် အစစ်ဆေးခံနေရသည်။
7Day Daily

မှတ်ချက်များ