ကချင်ပြည်နယ်မှာ မူးယစ်မှုနဲ့ ထောင်ကျနေသူ ၇ဝဝဝ လောက်ရှိ


ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးမှုနဲ့ ထောင်ဒဏ်ချမှတ်ခံထားရသူ ၇ဝဝဝ လောက် ရှိနေကြောင်း မြစ်ကြီးနား မြို့နယ် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအဖွဲ့က ပြောပါတယ်။

ဒီနေ့ မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောအားကစားကွင်းမှာ တစ်နှစ်ပြည့် လူထုအခြေပြု မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အခမ်းအနားမှာ မြစ်ကြီးနားမြို့နယ် လူထုအခြေပြု မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတူးရော်က RFA ကို ပြောကြားခဲ့တာပါ။

“ထောင်ထဲမှာဆိုရင် မူးယစ်မှုနဲ့ထောင်ကျတာ ၇ဝဝဝ ဝန်းကျင်အမြဲတမ်းရှိနေတယ်၊ ကချင်တစ်မျိုးသားလုံးကို စာရင်းကောက်ကြည့်တဲ့အခါမှာ KIA စစ်သူ စစ်သားတွေဆီမှာလည်း ဘိန်းစားတွေအများကြီးဖြစ်တာပေါ့၊ ကချင်တစ်မျိုးသားလုံးရဲ့ အနာဂတ်ဟာ သိပ်ပြီးတော့ စိုးရိမ်ထိန့်လန့်ဖွယ်ရာ ကောင်းနေတာပေါ့၊ မူးယစ်ဆေးဝါးနဲ့ ကချင်လူထုတရပ်လုံးကနေပြီးတော့ စုပေါင်းတိုက်ဖျက်ဖို့ လိုအပ်လာပြီဆိုတော့ စတင်ပြီးတော့ မူးယစ်ဆေးဝါးကိုတိုက်ဖျက်တဲ့ စစ်ကြေညာတဲ့နေ့ရက်မှာပဲ ဒီ ဧပြီ ၂၅ ဆိုတာ”

ဒီနေ့အခမ်းအနားမှာ ခရစ်ယာန်ဘာသာရေးဆရာတွေက မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် နောက်ဆက် တွဲဖြစ်ပေါ်လာတဲ့ လူမှုဒုက္ခဆိုးကျိုးတွေနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို ဟောပြောခဲ့ပါတယ်။

သူတို့အဖွဲ့ဆောင်ရွက်နေတဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေကို ကချင်ပြည် နယ်အစိုးရအဖွဲ့နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIOကလည်း ကူညီပေးနေတယ်လို့လည်း ဦးတူးရော်က ဆိုပါတယ်။

ဒီနေ့ပြုလုပ်တဲ့ မူးယစ်ဆေးဝါးဆန့်ကျင်ရေးနေ့အခမ်းအနားကို စီတာပူ၊ ဒူကထောင်၊ ကချင်စု စတဲ့ မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်အသီးသီးက ကချင်တိုင်းရင်းသားတွေ တက်ရောက်ခဲ့ပါတယ်။

RFA Burmese

မှတ်ချက်များ