ဒုံးကျည်ပစ်ခတ်နေသည်ကို ကင်မ်ဂျုံအန် စောင့်ကြည့်နေသည့်ပုံတွင် နည်းပညာဖြင့် ဖန်တီးပြုပြင်မှုများ ပြုလုပ်ထား


ရေအောက်တွင် ရှိနေသည့် ရေငုပ်သင်္ဘောက ဒုံးကျည်တစ်စင်း ပစ်လွှတ်နေသည်ကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်က ဂုဏ်ယူစွာ စောင့်ကြည့်နေသည့် ဓာတ်ပုံသည် နည်းပညာဖြင့် ပြုပြင်ဖန်တီးထားမှု တစ်ခုသာဖြစ်ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

မြောက်ကိုရီးယား အစိုးရက မိမိတို့သည် ရေငုပ်သင်္ဘောတွင် တပ်ဆင်ထားသည့် တိုက်ချင်းပစ် ဒုံးကျည်များကို အောင်မြင်စွာ ပစ်ခတ်နိုင်သော နည်းပညာမျိုး ပိုင်ဆိုင်နေပြီဟု ကြေညာခဲ့သည်။ ထို့အပြင် မြောက်ကိုရီးယား အစိုးရပိုင် KCNA သတင်းဌာနက ကင်မ်သည် ရေထဲမှ ဒုံးကျည် ထွက်ပေါ်လာသည်ကို ကမ်းလွန်ပစ်စင်ထက်မှ စောင့်ကြည့်နေသည့် ဓာတ်ပုံကိုလည်း ဖော်ပြခဲ့သေးသည်။

သို့သော်လည်း ကျွမ်းကျင်သူများက အဆိုပါ ဓာတ်ပုံသည် နည်းပညာဖြင့် ပြုပြင်ထားသည့် ဓာတ်ပုံအတုသာဖြစ်ပြီး မြောက်ကိုရီးယား အစိုးရ၏ ဝါဒဖြန့်ရန် အားထုတ်မှု တစ်ရပ်သာဖြစ်ကြောင်း ဝေဖန် ထောက်ပြခဲ့ကြသည်။ ဒုံးကျည်နောက်ဘက် မီးတန်းထွက်ပေါ်မှုက ရေပြင်ပေါ် အရိပ်ထင်နေပုံသည် ဒုံးကျည်၏ အမှန်တကယ် တည်နေရာနှင့် ကွဲလွဲနေကြောင်း ဓာတ်ပုံပညာရှင်များက ဆိုသည်။

“အဘက်ဘက်က စဉ်းစားကြည့်ရင် မြောက်ကိုရီးယားက ဒါကို လုပ်ကြံဖန်တီးထားတယ်ဆိုတာ မြင်သာလာပါတယ်။ အဓိပ္ပါယ်ကတော့ မြောက်ကိုရီးယားဟာ SLBM (ရေငုပ်သင်္ဘောမှ ပစ်ခတ်သည့် တိုက်ချင်းပစ်ဒုံးကျည်) စနစ်မှာ အောင်မြင်မှု တကယ်တမ်း ရရှိဖို့ အများကြီး လိုနေသေးတယ်လို့ ယူဆရမလိုပဲ”ဟု Schumcker နည်းပညာ ဌာနမှ မားကက်စ်ရှီလာနှင့် ရောဘတ် ရှမူကာတို့က ပြောကြားခဲ့သည်။

ထို့အပြင် မြောက်ကိုရီးယား အစိုးရပိုင် ရုပ်မြင်သံကြား ဌာနက ပြသသည့် မှတ်တမ်းဓာတ်ပုံတွင် ဒုံးကျည်နောက်ဘက်၌ အဖြူရောင် မီးခိုးတန်းများ ရှိနေပြီး အစိုးရ သတင်းစာတွင် ဖော်ပြထားသည့် ဓာတ်ပုံများ၌မူ ဒုံးကျည်နောက်ဘက်တွင် မည်သည့် မီးခိုးတန်းမျှ ရှိမနေသည်ကို တွေ့ရကြောင်းလည်း ၎င်းတို့က ထောက်ပြခဲ့သည်။ “တစ်နည်း စဉ်းစားကြည့်ရင် ဒုံးကျည်နှစ်စင်း စမ်းသပ်ခဲ့လို့များလားလို့တော့ တွေးစရာပါ”ဟု ရှီလာက ဆိုသည်။

အမေရိကန် ရေတပ် စစ်ဦးစီးမှူး တစ်ဦးဖြစ်သည့် ဂျိမ်းစ်ဝင်နီဖဲလ်ကလည်း မြောက်ကိုရီးယားသည် ဗီဒီယို တည်းဖြတ် ပြင်ဆင်မှု နည်းပညာတွင် များစွာ တိုးတက်လာသော်လည်း SLBM နည်းပညာ ဖြစ်မြောက်ရေးမှာမူ နှစ်ပေါင်းများစွာ ကြာမြင့်ဦးမည်ထင်ကြောင်း မှတ်ချက်ပြုခဲ့သည်။ “သူတို့ ဗီဒီယို အယ်ဒီတာတွေက ကျွန်တော်တို့ ယုံလောက်တဲ့ထိ ပညာပြဖို့တော့ တော်တော်လိုပါသေးတယ်”ဟုလည်း ဝင်နီဖဲလ်က ပြောကြားခဲ့သည်။

မြောက်ကိုရီးယားသည် ယခင်ကလည်း ပြုပြင်ထားသော ဓာတ်ပုံများဖြင့် ဝါဒဖြန့်ရန် ကြိုးပမ်းမှုများ ရှိခဲ့ဖူးပြီး ၂၀၁၃ ခုနှစ်၊ မတ်လအတွင်းက ကမ်းတက် တပ်ဖွဲ့များ တိုက်ပွဲဝင်နေပုံ ဖန်တီးပြုပြင်ထားသည့် ဓာတ်ပုံများကို အသုံးပြုထားကြောင်း ပေါ်ပေါက်ခဲ့ဖူးသည်။

7day daily

မှတ်ချက်များ