လူမှောင်ခိုသမားတွေ ဖော်ထုတ်သွားမယ်လို့ မလေးရှား ၀န်ကြီးချုပ်ပြော
လူမှောင်ခိုကူးရာမှာ ပါဝင်သူတွေကို ရှာဖွေဖော်ထုတ်သွားမယ်လို့ မလေးရှား ၀န်ကြီးချုပ် Najib Razak က ပြောကြားလိုက်ပါတယ်။
မလေးရှားနိုင်ငံထဲမှာ ရွှေ့ပြောင်းနေထိုင်သူတွေလို့ ယူဆရသူတွေရဲ့ ရုပ်အလောင်းတွေ မြုပ်နှံထားတဲ့ နေရာအတော်များများကို တနင်္ဂနွေနေ့က မလေးရှား ရဲတွေက ရှာဖွေတွေ့ရှိခဲ့ပြီးတဲ့နောက်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
မလေးရှားနိုင်ငံထဲမှာ အခုလို အလောင်းတွေ တွေ့ရှိမှုနဲ့ ပတ်သက်ပြီး အလွန်စိတ်မကောင်း ဖြစ်မိတယ်လို့လည်း မစ္စတာ Razak က ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံနဲ့နယ်စပ် မလေးရှားနိုင်ငံ မြောက်ပိုင်း Perlis ဒေသအတွင်းရှိ ကန့်သတ်ထားတဲ့ နေရာတခုမှာ မြုပ်နှံထားတဲ့ လူသေအလောင်း ၁၀၀ ခန့်ကို ဖော်ထုတ် တွေ့ရှိခဲ့တယ်လို့ မလေးရှား ၀န်ကြီးချုပ်ရုံးက ၀န်ကြီး Datuk Seri Shahidan Kassim က Star သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
အခုလ အစောပိုင်းတုန်းကလည်း ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရွှေ့ပြောင်း ဒုက္ခသည်တွေလို့ ယူဆရသူတွေရဲ့ ရုပ်အလောင်းတွေ မြှုပ်နှံထားရာ အလားတူ ကျင်းတွေကို ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။
သေဆုံးသူတွေဟာ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံကနေ ရွှေ့ပြောင်းလာသူတွေလို့ ယူဆရကြောင်း သတင်းမီဒီယာတွေမှာ ဖေါ်ပြထားပါတယ်။
BBC Burmese

မှတ်ချက်များ