ဒူဘိုင်း ရေအောက် တင်းနစ်ကွင်းမှာ တင်းနစ် ရိုက်နိုင်တော့မည်လား



တင်းနစ်ကွင်း ဆိုတာ ကောင်းကင် ပြာပြာအောက်က မြက်ခင်းပြင်ဟု ယေဘုယျ သတ်မှတ် ထားတတ်ကြသည်။ မကြာခင် ပင်လယ်ပြာပြာ အောက်က မြက်ခင်းပြင်မှာပါ တင်းနစ် ရိုက်နိုင်ဖို့ မျှော်လင့် နိုင်ကြတော့မည်။

ဗိသုကာတစ်ဦးက ရေအောက် တင်းနစ်ကွင်း ဒီဇိုင်း ရေးဆွဲထားသည်။ မှန်သားပြင် အမိုးခုံးကြီးနဲ့ ဖြစ်သည်။ ပွဲကြည့်စင်များလည်း ပါမည်။ ပွဲကြည့်သူများ အနေဖြင့် တင်းနစ် ကစားတာလည်း ကြည့်နိုင်မည်၊ ကွင်းကြီးပတ်လည် မှန်အမိုး ခုံးကြီး အပြင်ဘက်က ပင်လယ်ထဲတွင် ကူးခတ်နေသည့် ငါးတွေကိုလည်း ကြည့်ရှုနိုင်ကြမည်။

ထိုရေအောက် တင်းနစ်ကွင်းကို ဒူဘိုင်းမှာ ဆောက်လိုသည်ဟု ဗိသုကာက ဆိုထားသည်။ ကမ္ဘာ့အမြင့်ဆုံး ဘာ့ဂ်ျခါလီဖာ မိုးမျှော်တိုက်ကြီး၊ အာကာသထဲကပင် လှမ်းမြင်နိုင်သည့် လူလုပ် ထန်းလက် ကျွန်းစု စသည့်ဗိသုကာနှင့် အင်ဂျင်နီယာ အစွမ်းဘောင်ပြင်ထိ ချဲ့ထွင်သည့် အားထုတ်ချက်များရှိရာ ဒူဘိုင်းသည် ရေအောက် တင်းနစ်ကွင်းနှင့် အသင့်တော်ဆုံးဟု ဗိသုကာက ဆိုထားသည်။

အင်ဂျင်နီယာများကမူ ထိုဒီဇိုင်းကို လက်တွေ့ ဆောက်လုပ်ပါက မခန့်မှန်း နိုင်လောက်အောင် ကုန်ကျစရိတ် ကြီးမည်ဖြစ်သလို၊ တစ်ကယ်တမ်း ဆောက်လုပ်ဖို့ရာလည်း လွန်စွာ ခက်ခဲမည်ဟု ဆိုထားကြသည်။
ပိုလန်နိုင်ငံသား အသက် (၃၀) အရွယ် ဗိသုကာ ပညာရှင် ကာဇော့ဖ် ကိုတာလာက ဒီဇိုင်း ထုတ်ထားခြင်း ဖြစ်သည်။ ၎င်းသည် ပိုလန်နိုင်ငံ ခရာကိုးပေါ်လီတက္ကနစ်မှ ဗိသုကာ ကျောင်းဆင်း ဖြစ်သည်။ သူ့ဒီဇိုင်းကို လက်တွေ့ အသက်သွင်းမည့် ရင်းနှီး မြှုပ်နှံသူမျိုးကို ရှာဖွေနေကြောင်း မစ္စတာ ကိုတာလာက ပြောသည်။

အခက်ဆုံး အဆင့်မှာ မှန်ခုံးကြီး ထုတ်လုပ်ရမည့် ကိစ္စဖြစ်ကြောင်း လန်ဒန်မြို့ အင်ဂျင်နီယာ သိပ္ပံမှ အင်ဂျင်နီယာနှင့် နည်းပညာ ၀န်ဆောင်မှုဌာန အကြီးအကဲ ဆာရာဖရေးက ပြောသည်။ တင်းနစ်ကွင်းနဲ့ ပွဲကြည့် စင်တွေကို ခြုံငုံမိအောင် အနည်းဆုံး (၁၀၈) ပေကျယ်သည့် မှန်ခုံးကြီး လုပ်ရမည်ဟု ၎င်းကပြောသည်။ လက်ရှိတွင် အကြီးဆုံး အဖြစ် (၃၂) ပေကျယ်သော မှန်ခုံးမျိုးကိုသာ ထုတ်လုပ် နိုင်သေးကြောင်းလည်း ဖြည့်စွက်ပြောသည်။

ရေစိမ့်ခြင်းကဲ့သို့ အရေးပေါ် ပြဿနာ ဖြစ်ပွားပါက အထဲက လူများကို ချက်ချင်း ကယ်ထုတ်နိုင်မည့် နည်းလမ်းမျိုးလည်း ရှာဖွေထားရမည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။ အထိရောက်ဆုံး နည်းလမ်းကား ရေအောက် တင်းနစ်ကွင်းကြီး တစ်ခုလုံးကို ရေပေါ် အမြန်ဆုံး တက်လာစေသည့် နည်းဖြစ်မည်ဟု ဆာရာက ဆိုသည်။ မဖြစ်နိုင်ခြေ အများအပြား ရှိသည့်တိုင် လူသားတို့ အားထုတ်မှုသာ တစ်ကယ်တမ်း ကြီးမားမည် ဆိုပါက မဖြစ်နိုင်ခြေကို ကျော်လွှားနိုင်မည်ဟု ဆာရာက အားပေးသည်။

ငွေကုန်ကြေးကျ များပြားလွန်းမည့် ရေအောက် တင်းနစ်ကွင်း အတွက် ငွေကြေး ရင်းနှီးမြှုပ်နှံချင် သူရော ရှိပါမည်လားက မေးခွန်း ထုတ်စရာ ဖြစ်သည်။ သို့သော် ဒူဘိုင်းသည် မဖြစ်နိုင်ဟု ထင်ထားသည်များကို ရှေ့ပိုင်းတွင် လုပ်ပြခဲ့သည်က တစ်ကြောင်း၊ ဒူဘိုင်းတွင် ရေအောက် အိမ်ရာများ တည်ဆောက်ဖို့ စောစီးစွာ ကတည်းက ချထားသော အစီအစဉ်များ ရှိထားခြင်းက တစ်ကြောင်း တို့ကြောင့် ရေအောက် တင်းနစ်ကွင်း သည်လည်း ဖြစ်မလာဘူးဟု တစ်ထစ်ချ သတ်မှတ်ထားလို့တော့ မရသေး။

messenger

မှတ်ချက်များ