ဂူဂယ်လ်အရာရှိကို သတ်မှုဖြင့် ပျော်တော်ဆက်မယ် ထောင်ဒဏ် ၆ နှစ်ချမှတ်ခံရ




ဂူဂယ်လ်ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိတယောက်ကို သတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ ပျော်တော်ဆက်မယ်က အပြစ်ဝန်ခံလိုက်ပြီး ထောင်ဒဏ် ၆ နှစ်ကို ခံယူလိုက်ပါတယ်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလတုန်းက ကယ်လီဖိုးနီယား ကမ်းခြေက အပျော်စီး ရွက်လှေပေါ်မှာ အသက် ၅၁ နှစ်အရွယ် ဖောရတ်ဟေးစ်(Forrest Hayes) ဘိန်းဖြူလွန်ပြီး သေဆုံးတဲ့ အမှုအတွက် အကြောထဲ ဘိန်းဖြူထိုးသွင်းပေးခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် အလက်ဇ် ကက်သရင်း တက်ခ်ျမန်း (Alix Catherine Tichelman) ကို တရားစွဲထားတဲ့ အမှုဖြစ်ပါတယ်။

အမှုကို ကြားနာနေတဲ့ ကယ်လီဖိုးနီးယား ပြည်နယ်ထဲက ဆန်တာ ခရုစ်ဇ်(Santa Cruz) စီရင်စုနယ်မြေ အထက်တရားရုံးမှာ ပျော်တော်ဆက်မယ် တက်ခ်ျမန်း က သူ့ကို စွပ်စွဲထားတဲ့ တခြားအမှုတွေ ဖြစ်တဲ့ တားမြစ်ဆေးဝါးကို အသုံးပြုမှု၊ သက်သေ ဖျောက်ဖျက်မှု၊ ပြည့်တန်ဆာမှုတွေကိုလည်း ၀န်ခံသွားတယ်လို့ တရားရုံးက ပြောပါတယ်။

အပျော်စီး ရွက်လှေပေါ်မှာ တပ်ဆင်ထားတဲ့ စောင့်ကြည့် ကင်မရာမှာလည်း ဆေးလွန်ပြီး သေတော့မယ့် ဂူဂယ်လဲကုမ္ပဏီရဲ့ အမှုဆောင်အရာရှိကို အသက်ကယ်ဖို့ အပျော်မယ် တက်ခ်ျမန်းက ၉၁၁ ကို ဖုန်းမခေါ်ဘဲ ၀ိုင်အရက်စုပ်ပြီး ထွက်ခွာခဲ့တဲ့ ပုံရိပ်မှတ်တမ်း ရှိပါတယ်။

တက်ခ်ျမန်းရဲ့ ရှေ့နေကတော့ သူ့အမှုသည်ဟာ ပြည့်တန်ဆာ တယောက်ဖြစ်တယ်ဆိုတာကို မငြင်းပေမယ့် ကလေး ၅ ယောက် ဖခင် အိမ်ထောင်သည် ဖောရတ်ဟေးစ်ကို သတ်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့ ခုခံချေပခဲ့ပါတယ်။

“မမျှော်လင့်ဘဲ ဆေးလွန်သွားတဲ့ အဖြစ်အပျက်ကြောင့် အထိတ်တလန့် ဖြစ်ပြီး ၉၁၁ ကို ဖုန်းဆက် အကူအညီတောင်ဖို့ ပျက်ကွက်ခဲ့တာ ဖြစ်တယ်။ မစ္စတာ ဟေးစ်ကို နာကျင်စေလိုတဲ့ ရည်ရွယ်ချက် မရှိဘူး” လို့ ပြောပါတယ်။

ကြေးကြီး အပျော်မယ် တက်ခ်ျမန်းကို ရဲက ဒေါ်လာ ၁၀၀၀ ကျော်ပေးမယ့် ဖောက်သည်တယောက်အဖြစ် ဟန်ဆောင်ပြီး မနှစ်က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

ဂူဂယ်လ် အိတ်စ် (Google X) သုတေသန ဌာနက အမှုဆောင် အရာရှိ မစ္စတာ ဟေးစ် နဲ့ တက်ခ်ျမန်းတို့ အွန်လိုင်း စုံတွဲရှာတဲ့ ၀က်ဘ်ဆိုဒ်တခုမှာ အချိန်းအချက် လုပ်ခဲ့တယ်လို့ တရားရုံးရဲ့ စစ်ဆေးချက်တွေမှာ ဖော်ပြပါတယ်။

DVB

မှတ်ချက်များ