ရာသီဥတုဆိုးရွားနေ၍ ရန်ကုန်လေဆိပ် လေယာဉ်အတက်အဆင်း ဆိုင်းငံ့ခဲ့ရ


ရန်ကုန်မြို့တွင် မေလ ၁၈ ရက် ညနေက မိုးရွာသွန်းပြီး ရာသီဥတုဆိုးရွားနေ၍ ရန်ကုန် လေဆိပ်၌ မိနစ် ၂၀ ကျော်ကြာ လေယာဉ်အတက်အဆင်း ခေတ္တ ဆိုင်းငံ့ခဲ့ရကြောင်း သတင်းရရှိ သည်။

ညနေ ၄ နာရီခွဲတွင် ရာသီ ဥတုဆိုးရွားသဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် လေယာဉ် အတက်အဆင်း ခေတ္တပိတ်ထားခဲ့ ရပြီး လေယာဉ်ခရီးစဉ်အချို့ကို ခေတ္တရွှေ့ဆိုင်းထားခဲ့ရကြောင်း လေကြောင်းရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်သည်။

သို့သော် မိနစ် ၂၀ ကျော်သာလေယာဉ်အတက်အဆင်း ခေတ္တရပ်နားခဲ့ခြင်းဖြစ်ပြီး ရာသီဥတု ပြန်လည်ကောင်းမွန်လာသဖြင့် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ်အတက် အဆင်းခွင့်ပြုပေးလိုက်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန် ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးက ပြောသည်။

အတက်အဆင်း ခေတ္တ ရပ် နားခဲ့သော လေကြောင်းလိုင်းများ တွင် ပြည်တွင်းလေကြောင်းလိုင်း များက အများဆုံးဖြစ်ပြီး ထိုင်းနိုင် ငံမှ လာရောက်သည့် ပြည်ပလေ ကြောင်းလိုင်းတစ်ခုသာ ပါဝင် သည်ဟု ၎င်းက ပြောသည်။

အထူးသဖြင့် မန္တလေး၊ မြစ် ကြီးနား၊ ဟဲဟိုးတို့မှ ထွက်ခွာလာ သည့် အဲပုဂံ၊ အဲကမ္ဘောဇ လေ ကြောင်းလိုင်းများမှ လေယာဉ်အ များစု ရန်ကုန်လေဆိပ်သို့ ဆင်းသက်ရန် ခက်ခဲခဲ့၍ နေပြည်တော်လေဆိပ်သို့ ခေတ္တ ပြန်လည်ဆင်းသက်ပြီး ရာသီဥတု တည်ငြိမ်မှသာ ရန်ကုန်လေဆိပ်သို့ ပြန်လည် ဆင်းသက်ခဲ့ရကြောင်း သိရသည်။

‘‘လေယာဉ်တွေ ရာသီဥတု ပြန်ကောင်းလို့ ပြုံဆင်းလာတော့ ရန်ကုန်လေဆိပ်ရဲ့ ပြည်တွင်းဝင် ပေါက်ဘက်မှာ တော်တော်လေး စုပြုံသွားတယ်။ နေရာက အရမ်း ကျဉ်းလို့’’ဟု မန္တလေးမြို့မှ ပြန်လာသည့် သတင်းထောက်တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ဒုတိယ ပတ်ကလည်း ရာသီဥတု ဆိုးရွားလာသဖြင့် ပြည်တွင်းလေယာဉ် ခြောက်စီး နေပြည်တော်သို့ ပြန်လည်ဆင်းသက်ခဲ့ရကာ ထိုင်းလေ ကြောင်းလိုင်းမှ လေယာဉ်တစ်စီး ဘန်ကောက်သို့ လှည့်ပြန်ခဲ့ရသည်။

မိုးညို | ဖိုးတုတ် - 7day daily

မှတ်ချက်များ