လေဖိအားနည်း ရပ်ဝန်းကြောင့် တိုင်းနှင့် ပြည်နယ်ငါးခုတွင် မိုးကြီးနိုင်
မြန်မာ့ပင်လယ်ရေပြင်၊ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းနှင့် ရခိုင်ကမ်းရိုးတန်းကြားတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် တိုင်းဒေသကြီးသုံးခုနှင့် ပြည်နယ်နှစ်ခုတွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုး/ဇလဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးဦးက ပြောသည်။ ဘင်္ဂလား ပင်လယ်အော်အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်ပိုင်းတွင် မေလ ၁၉ ရက်က စတင်၍ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်လာပြီး မေလ ၂၀ ရက်တွင် မြန်မာ့ရေပြင်ပိုင်နက်အတွင်း ရောက်လာကြောင်း ဦးကျော်မိုးဦးက ရှင်းပြသည်။
ယင်းဖြစ်စဉ်ကြောင့် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်နှင့် မွန်ပြည်နယ်တို့တွင် မေလ ၂၂ ရက်အထိ နေရာကွက်၍ မိုးကြီးနိုင်သည့် အန္တရာယ်ရှိကြောင်း သတိပေးသည်။
‘‘ဒီနေ့ ရတဲ့ အချက်အလက်အရတော့ အားကောင်းလာတာ မျိုးမရှိဘူး။ဒါပေမဲ့ ဒီဘက်ထဲကို ရောက်လာတယ်။
အခုကနေ နောက်နှစ်ရက်အထိ နေရာကွက်မိုးကြီးတာမျိုးတွေ၊ ချောင်းတွေ ရေလျှံတာမျိုးတွေ သတိထားရမယ်’’ ဟုဆိုသည်။
ယင်းလေဖိအားနည်းရပ်ဝန်းကြောင့် ပင်လယ်ပြင်နှင့် ကမ်းရိုးတန်းဒေသများတွင် တစ်နာရီလျှင် မိုင် ၄၀ ခန့်အထိ လေပြင်းကျနိုင်ပြီး ပင်လယ်ပြင်ရေလှိုင်းအမြင့်မှာလည်း ၇ ပေမှ ၁၀ ပေအထိ လှိုင်းကြီးနိုင်ကြောင်း သတင်းထုတ်ပြန်သည်။
7Day Daily

မှတ်ချက်များ